သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖယ်ဒရယ်မူကို၂၀၀၈ ခြေဥအခြေခံဖို့ တပ်မတော်နဲ့ပြည်ခိုင်ဖြိုး တိုက်တွန်း


၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖယ်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာတွေ ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ တိုင်းရင်းသားများတန်းတူအခွင့်အရေးတွေ ပါဝင်တယ်လို့ တပ်မတော်ကိုယ်စားလှယ်က ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ ဖယ်ဒရယ်အပေါ် သဘောထားကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒုတိယနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသတင်းကိုတော့ တတ်ရောက်သတင်းယူနေတဲ့ကိုသားညွန့်ဦး ပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့မှာတော့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးစာတမ်းတွေကို တင်သွင်းကြတာတွေ့ရပါတယ်။ ဒီနေရာမှာ ထူးခြားတာပြောမယ်ဆိုရင်တော့ တပ်မတော်ကနေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဖယ်ဒရယ် အယူအဆနဲ့ အခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်သွင်းကြတဲ့ ဖယ်ဒရယ် အယူအဆနဲ့အတော်လေးကွဲပြားတာ တွေ့ရပါတယ်။ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ တင်သွင်းတဲ့ ဖယ်ဒရယ် အယူအဆထဲမှာတော့ ပြီးခဲ့တဲ့သူတို့ ရေးဆွဲထားတဲံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာဖယ်ဒရယ် ဖွဲ့စည်းပုံနဲ့ ညီညွတ်တယ်ဆိုတာကို အဓိကထားပြီး တော့ ထောက်ပြပြောဆိုသွားတာ တွေ့ရပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ဟာ အထက်ပါ တင်ပြခဲ့တဲ့အတိုင်း နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာဟာ နိုင်ငံတော်အထဲမှာ ဆင်းသက်ခြင်း တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အုပ်ချုပ်ခွင့်ရ စီရင်စုများရဲ့ နယ်နိမိတ် တည်တန့်မှုကို အာမခံချက်ပေးထားခြင်း၊ တိုင်းရင်းသားလူမျိုးများကို တန်းတူအခွင့်အရေးပေးထားခြင်း ၊ လူမျိုးစုလွှတ်တော်လို့ခေါ်တဲ့ အမျိုးသားလွှတ်တော်ကို ပြည်သူ့လွှတ်တော်နဲ့ တန်းတူအခွင့်အရေးပေးထားခြင်း စတဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ၊ တိုင်းရင်းသားများရဲ့ တန်းတူအခွင့်အရေး ဥပဒေပြုရေး ဆက်လျှင်းပြီး ဖက်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာများပါနေတာကို ထင်ရှားစွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။”

တပ်မတော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးတင်နိုင်အေးက ဖယ်ဒရယ်နဲ့ပတ်သက်လို့ တပ်မတော်ကိုယ်စားပြု စာတမ်းကို ဖတ်ကြားတင်သွင်းခဲ့တာပါ။

အခု ညီလာခံအတွင်းမှာ တတ်ရောက်လာတဲ့ ကိုယ်စားလှယ်အများစုက ဖယ်ဒရယ်ဆိုတဲ့ စကားကို တွင်တွင် ပြောကြပေမယ့်၊ တပ်မတော်သားကိုယ်စားလှယ်တွေဖက်ကတော့ ဖယ်ဒရယ်ဆိုတဲ့ စကားစု အထူးရှောင်ပါတယ်။ အခု စာတမ်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖယ်ဒရယ်စနစ်ရဲ့ ဝိသေသလက္ခဏာတွေကို တွေ့ရတယ်လို့ပဲ ပြောတာပါ။ တပ်မတော်ဖက်က တင်သွင်းတဲ့ အယူအဆနဲ့ ဆင်တာကတော့ တပ်မတော်ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်ဖွဲ့စည်းတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ သဘောထားပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖယ်ဒရယ်ပြည်ထောင်စုစနစ်အတွက် လုံလောက်ကောင်းမွန်တဲ့ အခြေခံကောင်းတွေ ရှိတယ်လို့ ကြံခိုင်ရေးပါတီ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်စိုးက ကြံခိုင်ရေးပါတီရဲ့ စာတမ်းကို တင်သွင်းခဲ့ပါတယ်။

“ပြည်ထောင်စုပြိုကွဲရေးကို ဦးတည်စေနိုင်တဲ့ composition ပုံစံမျိုး မဖြစ်ဖို့ လိုပါတယ်။ ယခင် သမိုင်းကြောင်းအရ ဒီမိုကရေစီစနစ် ဆိတ်သုန်းသုံးခဲ့ရတဲ့ စစ်များ၊ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေနိုင်တဲ့ ဝိဝါဒ ကွဲပြားစေတဲ့ အမျိုးသားပြည်နယ် ၊ အမျိုးသားများပြည်နယ်ဆိုတဲ့ အယူအဆတွေဟာ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေနိုင်တဲ့အတွက် သတိပြုဆင်ချင်သုံးသပ်သင့်ကြောင်းနဲ့”

ဒီသဘောထားတွေဟာ လူမျိုးကိုအခြေခံပြီး ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကိုကျင့်သုံးဖို့လိုလားတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အတော်များများနဲ့တော့ ကွာဟနေပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေဖက်က တင်ပြချက်မှာတော့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်မှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို ပိုပြီး တောင်းဆိုတာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်က ဗဟိုအလုပ်အမှူဆောင် ဦးဝင်းထိန်က ပါတီရဲ့သဘောထားကို တက်ရောက်ပြောဆိုပြီး အန်အယ်ဒီပါတီရဲ့ ယခင်သဘောထားကိုပဲ ထင်ဟပ်ခဲ့ပါတယ်။ အစိုးရကိုယ်စား ဒေါက်တာတင်မျိုးဝင်းက စာတမ်းတင်သွင်းရာမှာတော့ တပ်မတော်ရဲ့သဘောထားနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့သဘောထား ဒီနှစ်ခုအကြား ရှိနေတာ တွေ့ရပါတယ်

“ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး လုံးဝမဟုတ်ပါဘူး။ ခွဲထွက်ရေးပြောလိုက်တာနဲ့ ဖယ်ဒရယ်မဟုတ်တော့ပါဘူး။ ဖယ်ဒရယ်ဆိုတာ ပေါင်းစည်းရေး အခြေခံပဲ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းတဲ့ ဖယ်ဒရယ်ကတော့ အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး ၃ ရပ်ကို အပြန်အလှန် ထိန်းကြောင်းတဲ့စနစ်ပဲဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ ဒေသန္တရ အစိုးရတွေကြားမှာ အာဏာခွဲေ၀ ပူးပေါင်းအုပ်ချုပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခြင်း ၂ ခုကို သဟဇာတ မျှတအောင် အကောင်အထည်ဖော်နိုင်တဲ့ ဖယ်ဒရယ်ဖြစ်ဖို့ လိုအပ်ပါတယ်။ဒါကြောင့် တနိုင်ငံလုံးအတွက်ဖြစ်တဲ့ ပြည်ထောင်စုအစိုးရဆိုတာ ရှိသလို ဒေသန္တရ အစိုးရတွေလည်းရှိတဲ့ အစိုးရ ၂ ရပ် အသွင်‌သဏ ္ဌာန်ကို အနှစ်သာရအရကော ဖွဲ့စည်းပုံအရပါ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ”

လူမျိုးစုကိုအခြေခံတဲ့ဖယ်ဒရယ်ထက် လူမျိုးစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ အမျိုးသားလွှတ်တော် စုဖွဲ့မှူအခြေခံစဉ်းစားဖို့လိုတယ်လို့လည်း အစိုးရအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်းက ပြောခဲ့ပါတယ်။ အခုလို ဖတ်ကြားတင်သွင်းကြတဲ့ စာတမ်းတွေပေါ်မှာ သီးခြားစီ ဆွေးနွေးတာမျိုး မရှိပါဘူး။ ဒါပေမယ့် ဒီစာတမ်းတွေအပေါ် အခြေခံပြီး လာမယ့် ၃ လအတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာနိုင်တယ်လို့ အစည်းအဝေးတတ်ရောက်နေတဲ့ အကဲခပ်ဦးက ပြောပါတယ်။ ဒီတင်သွင်းစာတမ်းတွေကို ကြည့်ပြီး တဖက်နဲ့တဖက် ရှိနေတဲ့ သဘောထားတွေကို ပြည့်ပြည့်စုံစုံအကဲဖြတ်နိုင်မှာဖြစ်တယ်လို့လည်း ညီလာခံစီစဉ်သူတဦးက ဗွီအိုအေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG