သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မပေါက်မြောက်သေးတဲ့ နှစ် ၇၀ ပြည်ထောင်စုခရီး


မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ အခမ်းအနားတွေကို နှစ်စဉ်ကျင်းပလာခဲ့တာ အကြိမ် ၇၀ ရှိသွားပြီဖြစ်ပေမဲ့ - စစ်မှန်တဲ့ ပြည်ထောင်စုကြီးတော့ ဖြစ်မလာသေးဘူးလို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူ တိုင်းရင်းသားတချို့က မြင်ကြပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာဖို့အတွက် အဓိက အခက်အခဲကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တပ်မတော် တို့ပဲ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ကြတာပါ။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခတွေက ဖြစ်ပွားနေဆဲဖြစ်သလို၊ ပြည်မနဲ့ တိုင်းရင်းသားဒေသတွေအကြား တန်းတူ အခွင့်အရေး မရရှိသေးတာတွေကြောင့် - ခေတ်အဆက်ဆက် “ပြည်ထောင်စု” လို့သာ အမည်ကင်ပွန်းသာ တပ်ခဲ့ကြပေမဲ့ အားလုံး မျှော်လင့် တောင့်တခဲ့ကြတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကတော့ ဖြစ်မလာသေးဘူးလို့ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ တိုင်းရင်းသားခေါင်းဆောင် တွေက သုံးသပ်ကြပါတယ်။ လော့ အိန်ဂျဲလိစ့်မြို့က ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်ရဲ့ အမြင်ကတော့ -

“ကျနော်တို့ လွတ်လပ်ရေးရတဲ့အချိန်ကစ အခုထိပေါ့လေ ပြည်ထောင်စုမြန်မာနိုင်ငံတော် လို့ခေါ်တဲ့ ပြည်ထောင်စုပဲ။ ဒါပေမဲ့ နာမည်ပဲရှိတယ်။ တကယ့် ပြည်ထောင်စု မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုမှာပါဝင်နေတဲ့ ကျနော်တို့ ပြည်ထောင်တွေ ဥပမာ ရှမ်း၊ ကချင်၊ ချင်း၊ နောက်ပြီးတော့ ကရင်နီ အစရှိတဲ့ အဲဒီလို ပါဝင်နေတဲ့ ပြည်တွေက သူတို့မှာ အရင်တုန်းက တကယ်လွတ်လပ်တဲ့ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်ခွင့်၊ အဲဒါတွေ သူတို့ လုံး၀ မရခဲ့ဘူး။ ဒါကြောင့် ပြည်ထောင်စုလို့သာ ခေါ်တာ၊ တနိုင်ငံ တပြည်ထောင်ထဲလို ဖြစ်နေတယ်လို့ ကျနော် ထင်တယ်။”

အလားတူ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးခဲ့သူ အာဇာနည်ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ မန်းဘခိုင်ရဲ့ မြေး ဒေါက်တာမန်းမြင့်စိုင် ကလည်း - စစ်မှန်တဲ့ ပြည်ထောင်စု လို့ မခေါ်နိုင်သေးကြောင်း ယူဆသူပါ။ ဒီအခက်အခဲကို ပြေလည်စေဖို့ဆိုရင် - နိုင်ငံရေးဆွေးနွေးမှု လိုအပ်ပြီး - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်ကြဖို့ လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က စိတ်ရင်းအရမ်းကောင်းတယ်၊ စေတနာအရမ်းကောင်းတယ်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ အမျိုးသမီး၊ သူ့ကို အမျိုးမျိုး ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြတာ။ လူတွေကတော့ ကိုယ့် Agenda နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်နိုင်ငံရေး ခံယူချက်နဲ့ ကိုယ်။ ကိုယ့်အတွက်ပဲ ကိုယ် ကြည့်တဲ့သူတွေလည်းရှိတယ်။ တဘက်စောင်းနင်း ပြောတဲ့သူတွေလည်းရှိတယ်။ အဲဒီလူတွေကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လှုပ်လို့ မရဘူးဖြစ်နေတယ်။ သူသာ အကယ်၍ တကယ်တမ်း အဲဒါတွေကို ရုန်းထွက်ပြီးတော့ ပြည်သူကလည်း ဝိုင်း ဖိအားပေးပြီးတော့ သူ လုပ်နိုင်ရင် တကယ်ဖြစ်သွားမယ်။ အခုက သူ လုပ်သမျှ အကောင်အထည် မပေါ်ဘူး။ ဘာလို့လဲဆိုတော့ ဆန့်ကျင်တာတွေ၊ အတွင်းကနေ နှိုက်ပြီးတော့ လျှောက် ရှုတ်နေတာတွေက တပုံကြီး ရှိသေးတယ်။ အဲဒါတွေကို ရှင်းနိုင်ရင်တော့ အင်မတန် ပျော်စရာကောင်းတဲ့ ပြည်ထောင်စုကြီး ဖြစ်မှာ။”

လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီအစိုးရ အာဏာရလာပြီးတဲ့နောက် - သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလက်ထက် က တိုင်းရင်းသားခေါင်းဆောင်တွေ စုပေါင်းပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို - သူ့လက်ထက်မှာ - ဆက်လက် အကောင်အထည်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတာပါ။ ဒါကြောင့် စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကတဆင့် ငြိမ်းချမ်းရေးစားပွဲဝိုင်း ဆီ တက်လှမ်းနိုင်ဖို့အတွက် ၂၁ ရာစုပင်လုံညီလာခံကို စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဓိကကျတဲ့ စစ်တပ်က သဘောထားမပြောင်းလဲ သ၍ကတော့ - အောင်မြင်စွာ ဖော်ဆောင်နိုင်မယ်လို့ မယုံကြည်ကြောင်း - မစ်ရှီဂန်ပြည်နယ်မှာနေထိုင်တဲ့ ချင်းတိုင်းရင်းသား ဦးခေါ်ထောင်း သုံးသပ်ခဲ့ပါတယ်။

“ကျနော်က သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက စစ်တပ်နဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သေးတော့လေ။ သူတို့အာဏာက စစ်တပ်က တဝက်၊ အန်အယ်လ်ဒီက တဝက် လိုပေါ့လေ အဲဒါ စစ်မှန်တဲ့ အာဏာအပြည့်အဝကို အန်အယ်လ်ဒီက မရသေးဘူး။ ပထမတချက်က။ နောက် ဒုတိယအနေနဲ့ အဲ့လိုမရတော့ သူကလည်း လုပ်ပိုင်ခွင့်အာဏာကို ထိထိရောက်ရောက် မသုံးနိုင်သေးတော့ တိုင်းရင်းသားအမြင်ပေါ်မှာ လည်းပဲ စစ်တပ်ကအမြင်နဲ့ အန်အယ်လ်ဒီကအမြင် တွဲတွဲနေတော့ တိုင်းရင်းသားတွေအနေနဲ့လည်း စစ်မှန်တဲ့ အခွင့်အရေး ရဖို့ ခက်နေ သေးတယ်လို့ ကျနော် မြင်ပါတယ်။”

ဒီကနေ့ကျရောက်တဲ့ နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံမြို့မှာ ကျင်းပဖို့ရှိပြီး၊ နိုင်ငံတေ်ာအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကြဖို့ ရှိပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကို တက်ရောက်ခဲ့စဉ်တုန်းက စာဖတ်ခဲ့တဲ့ ညောင်ပင်အောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးစကားဝိုင်းကို ကျင်းပသွားဖို့ရှိတယ်လို့လည်း မြန်မာသမ္မတရုံး Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG