သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါး၊ ထန်တလန် လမ်းတလျှောက် စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ


ဟားခါး-ထန်တလန်လမ်းရှိ Keivangzuan စစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း CDF ဟားခါးအဖွဲ့က ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဩဂုတ် ၁၂၊ ၂၀၂၄)
ဟားခါး-ထန်တလန်လမ်းရှိ Keivangzuan စစ်တပ်စခန်းကိုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း CDF ဟားခါးအဖွဲ့က ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (ဩဂုတ် ၁၂၊ ၂၀၂၄)

ချင်းပြည်နယ်မှာ အရေးပါတဲ့ ဟားခါး-ထန်တလန် ကားလမ်းတလျှောက် စစ်ကောင်စီတပ်စခန်းတွေကို ဒေသခံ တော်လှန်ရေးအဖွဲ့တွေ ထိုးစစ်ဆင်နေရာက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်စခန်းတခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း ဒေသခံ ချင်းကာကွယ်ရေးအဖွဲ့ CDF ဟားခါး က သတင်းထုတ်ပြန်ခဲ့တာပါ။ ချင်းပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

ချင်းပြည်နယ် ဟားခါး-ထန်တလန် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ Keivangzuan တပ်စခန်းကို CDF ဟားခါးနဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ပူးပေါင်းတပ်ဖွဲ့တို့က Operation Rung အမည်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သြဂုတ်လ ၁၂ ရက် မနေ့က CDF ဟားခါးက ထုတ်ပြန်ထားပါတယ်။

ဟားခါး-ထန်တလန်လမ်းက လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဦးအောင်ချိုကို VOA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း မအားလပ်တဲ့အတွက်ကြောင့်ဆိုပြီး ဖြေကြားခြင်းမရှိသလို၊ ချင်းပြည်နယ်က စစ်ရေး အခြေအနေနဲ့ ပတ်သက်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်တာ လတ်တလော မတွေ့ရပါဘူး။

ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီ တပ်စခန်းတဝိုက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကနေ အခုချိန်ထိတိုက်ပွဲငယ်တွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ဟားခါးမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆက်တိုက်ဆိုသလိုပဲ တိုက်ပွဲကတော့ အဲ့ဒီတုန်းက ၂၂ ရက်နေ့ကနေ စတာလေး၊ ဒီနေ့အထိ ဆက်တိုက်ဆိုသလိုပဲ တောက်လျှောက်ပဲ ဟုတ်။ ဒီဟားခါးကနေ ထန်တလန်ကို စစ်ကူးပေးတဲ့ အဲ့စစ်ကူးကို လူငယ်တွေက ကြားဖြတ်ပြီးတော့ နေ့တိုင်းတိုက်နေတာ နေ့တိုင်းလိုလိုပဲ ဒါကတော့ ဖြစ်တယ်။”

နောက်ထပ် ဟားခါးမြို့ခံတဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ ထောက်ပို့စစ်ကူတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာနဲ့ ဟားခါးဆေးရုံကို ရောက်လာသူတွေ ရှိတယ်လို့ ပြောပါတယ်။

“အဲ့ဒီစခန်းမကျခင်အထိ တနင်္ဂနွေနေ့က သူတို့(ထောက်ပို့)ပို့တာရှိတယ်၊ ကား ၅စီးလား မသိဘူး။ အဲ့ဘက်မှာ သူတို့လည်း တော်တော်အထိနာကြတယ်လို့တော့ ပြောတယ်၊ ဆေးရုံမှာလည်း တော်တော်များများရောက်ခဲ့တယ်လို့ ပြောတယ်။ အရင်အပတ်ကဆိုရင် သူတို့ ထောက်ပို့ယာဉ်နဲ့ လေထီးနဲ့ တောက်လျှောက်ချသေးတာပေါ့၊ ၂ရက် ၃ရက်အတွင်း လေထီးနဲ့ လူချတာလား ဘာချတာတော့ မသိဘူးလေ၊ ကျနော်တို့က တပ်ကုန်းကို လှမ်းလှမ်းကြည့်နေရတာပေါ့။”

ဟားခါးနဲ့ ထန်တလန်ကြားက သစ်မြစ်တံတားဂိတ်တဝိုက်မှာပဲ စစ်ကောင်စီတပ်စခန်းတွေ ကျန်တော့တာလို့ ဟားခါးမြို့ခံတချို့က ဆိုပါတယ်။ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေ ပျံသန်းနေပြီး လက်နက်ကြီး ပစ်ခတ်သံတွေလည်း နေ့တိုင်းကြားနေရတယ်လို့ သူတို့က ပြောပါတယ်။

CDF ဟားခါး ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာတော့- Keivangzuan စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၆၀ မမ ၊ MA 1 နှစ်လက်၊ MA 2 လေးလက်၊ MA 3 တစ်လက်၊ MA 4 နှစ်လက် ၊ Machin gun တစ်လက်၊ ကျည်ဘောက် ၂၅ ခု၊ မိုင်း နဲ့ ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပုံနှင့်တကွ လူမှုကွန်ရက် Facebook စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်အသေအပျောက် စာရင်းကိုတော့ ဖော်ပြထားတာမရှိပါဘူး။

တိုက်ပွဲအသေးစိတ်အခြေအနေကို သိရဖို့ CDF ဟားခါးကို VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ နေ့တုန်းကလည်း ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်း ၃ ခုထပ်မနည်းကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတာပါ။ စခန်းသိမ်းတိုက်ပွဲကြောင့် ခုတလော ဟားခါးမြို့ပေါ် လမ်းဆုံလမ်းခွနဲ့ လူသွားများတဲ့ နေရာတွေမှာ စစ်ဆေးရေးတွေနဲ့ လုံခြုံရေးပိုမိုတင်းကြပ်လာတယ်လို့ နောက်ထပ် ဟားခါးမြို့ခံတဦးက အ ခုလို ပြောပါတယ်။

“ဆိုင်ကယ်တွေ ရပ်ခိုင်းပြီးတော့ စစ်ဆေးတာမျိုးတွေ ရှိတယ်။ ဒီမြို့ပေါ်မှာပဲ လမ်းဆုံမှာ အဲ့လိုမျိုး စစ်ကောင်စီတွေက စစ်ဆေးပြီးတော့ ရပ်ခိုင်းတာမျိုးရှိတယ်။ ဆိုင်ကယ်နဲ့သွားတဲ့သူတွေဆို ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ သူတို့ အဖုံးတွေ စစ်ဆေးတာမျိုးပေါ့နော်။ လုံခြုံရေးတင်းကြပ်တယ်ပေါ့နော်။”

ဟားခါးမြို့တွင်းမှာတော့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေ မရှိသေးဘူးလို့လည်း မြို့ခံတွေက ဆိုပါတယ်။ ပုံမှန်သွားလာနေထိုင်နေကြပြီး ဖလမ်း၊ ပလက်ဝ စတဲ့ မြို့တွေဘက်က စစ်ဘေးရှောင်တွေ ဟားခါးမှာ အများအပြား လာရောက်ခိုလှုံနေကြတာလို့ ပြောပါတယ်။ ဟားခါးမြို့နား တိုက်ပွဲတွေ နီးကပ်လာတာကြောင့်လည်း မြို့ခံတွေအနေနဲ့ စစ်ရေးအခြေအနေကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG