သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါး၊ ထန်တလန်မှာ စစ်ကောင်စီနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွား


ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် တပ်ဖွဲ့ဝင်များ (Photo Crd: CDF Mindat)
ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် တပ်ဖွဲ့ဝင်များ (Photo Crd: CDF Mindat)

ချင်းပြည်နယ် ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြား ကားလမ်းတလျှောက်က အရေးပါတဲ့ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထိန်းချုပ်လိုက်ကြောင်း ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောပါတယ်။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့သလို လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) တာဝန်ရှိသူက ပြောပါတယ်။ ချင်းပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို မမြသဇင်အောင် တင်ပြထားပါတယ်။

ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြား ကားလမ်းတလျှောက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ ပူးပေါင်းပြီး ဒီကနေ့ တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး စခန်း ၃ ခုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောခွင့်ရ ဆလိုင်းထက်နီ က ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ ဟားခါးနဲ့ ထန်တလန် စစ်ကောင်စီအထိုင်တပ်စခန်းတွေ ချိတ်ဆက်မှုကျောတွေ ဖြတ်တောက်နိုင်ဖို့ကို ကျနော်တို့က အဲ့ဒီလို စစ်ဆင်ရေးဖော်ဆောင်တာ ဖြစ်တယ်ပေါ့။ အခု အဲ့ဒီမှာ စခန်း ၄ခုရှိတယ်။ အဲ့ဒီမှာ စခန်းငယ် ၃ခုကတော့ ကျနော်တို့ မြေပြင်မှာ သိမ်းဆည်းထား သိမ်းပိုက်ထားတယ်၊ ဒါပေမယ့် ကျန်တဲ့ စခန်းတွေ ကျန်သေးတယ်ပေါ့နော်။”

ဒီကနေ့ နေ့လည်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိပေမဲ့ ထိခိုက်သေကျေမှု သတင်းတော့ မကြားရသေးဘူးလို့လည်း ပြောပါတယ်။

“အခုထိတော့ တိုက်ပွဲဖြစ်နေဆဲပေါ့နော်၊ နှစ်ဖက်အထိအခိုက်ကတော့ ကျနော်တို့ အသတ်ပြောလို့တော့ အနည်းအကျဉ်းရှိမယ်၊ သူတို့ဆီကနဲ့ ကျနော်တို့ လက်နက် ၂လက် ၃လက်တော့ ရရှိထားတယ်ပေါ့။ ဟားခါးဘက်ကနေ လက်နက်ကြီးတွေ တော်တော်လာသလို စစ်ကောင်စီ စစ်ကူက ပို့လာတဲ့ အခြေအနေမှာရှိတယ်ပေါ့။ အဲ့တော့ လက်နက်ကြီးတွေကတော့ ကျေးလက်ဒေသ တချို့နေရာမှာ ကျသွားတယ်၊ သူတို့ ကျနော်တို့ကို ကျော်ပြီး ကျသွားတာရှိတာပေါ့ အဲ့ဒီမှာ ပြည်သူလူထု အထိအခိုက်တော့ မရှိဘူး။”

CDF ဟားခါးတပ်ဖွဲ့ဝင်များ
CDF ဟားခါးတပ်ဖွဲ့ဝင်များ

ဒေသခံ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ မြို့တွင်းမှာပါ ပစ်ခတ်မှုတွေ ရှိနေတဲ့ သတင်းတွေ ထွက်နေတယ်လို့လည်း ဟားခါးမြို့ခံတယောက်က အခုလို ပြောပါတယ်။

“တော်တော်လေးပြင်းထန်တယ်လို့တော့ ကျနော်တို့တော့ ကြားသိရတယ်။ ဘာဖြစ်လဲဆိုတော့ အဲ့မှာ ဒီဟားခါးနဲ့ ထန်တလန်မှာ ကင်းပုန်းတွေရှိတဲ့ဟာတွေကို အကုန်လုံးရှင်းမှာပဲ ထန်တလန်မြို့ပေါ်ကို သူတို့ပစ်ခတ်လို့ရတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ထန်တလန်မြို့ကို ပစ်ရင်လည်း ဟားခါးကနေ စစ်ကူတွေ အမြဲတမ်းပေးလေ့ရှိတယ်လေ။ ဒီကင်းပုန်း ဟားခါးနဲ့ ထန်တလန်ကြားမှာ ရှိတဲ့ဟာတွေက အရင်ဆုံးတိုက်တာပေါ့နော်။ တချို့တွေက ပြောတယ် အခု ထန်တလန်မြို့ပေါ်မှာလည်း ပစ်ခတ်တယ်လို့တော့ ကြားသိရတယ်။ အဲ့ဒါကိုတော့ ကျနော်တော့ အတည်မပြုလို့တော့ မရဘူးပေါ့နော်။”

လတ်တလော ဟားခါး-ထန်တလန် တိုက်ပွဲနဲ့ ပတ်သက်လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို VOA က ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့တုန်းကလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ဟားခါးရဲစခန်းဝင်းထဲက အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိန်းသိမ်းခံထားတဲ့ အကျဉ်းသား ၄၉ ဦးနဲ့ အကျဉ်းသူ ၁၃ ဦးကို ကယ်ထုတ်ခဲ့ပြီး လက်ရှိ လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးလို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG