သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်မြို့နေအိမ်များမီးရှို့ခံရ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတဦးသေဆုံး 


ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့။ (မေ ၁၉၊ ၂၀၂၄/ဓာတ်ပုံ-Tedim Times)
ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့။ (မေ ၁၉၊ ၂၀၂၄/ဓာတ်ပုံ-Tedim Times)

ချင်းပြည်နယ် တီးတိန်မြို့မှာ နေအိမ်တွေမီးရှို့ခံရပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။ တီးတိန်မြို့နောက်ဆုံးရရှိထားတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မေလ ၂၇ ရက်က မနက်ပိုင်းမှာ ချင်းပြည်နယ် တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၃ ခုကို ချင်းညီနောင်ကာကွယ်ရေးအဖွဲ့တွေက တပြိုင်နက်တည်းဝင်တိုက်ရင်း မြို့ပေါ်တိုက်ပွဲတွေ ဖြစ်နေတာပါ။ စစ်ကောင်စီတပ်ကအရပ်သားတချို့ဖမ်းဆီးတာရှိသလို မြို့ပေါ်နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်လည်း အရပ်သားတဦး သေဆုံးခဲ့တယ်လို့လည်း PDF Zoland တာဝန်ရှိသူက ပြောပါတယ်။

"သူတို့မနေ့က ညနေ ၃ နာရီလောက်ကနေပြီးတော့ မြို့လယ်ခေါင်ပေါ့။ နာရီစင်အနီးတဝိုက်ကနေစပြီးတော့ အဓိက တီးတိန်မြို့ရဲ့ အသည်းနှလုံးခေါ်မလား၊ အရေးကြီးတဲ့နေရာတွေကို မီးစရှို့တယ်ခင်ဗျ။ (အိမ်ခြေ) ၃၀ လောက်ရှိမယ်။ ၃၀ ကျော်ရင်လည်း ကျော်မယ်ပေါ့။ သူတို့မနေ့ကဆို သူဌေးအိမ်တွေကိုပေါ့။ ဈေးဆိုင်တွေ၊ သူဌေးတွေရဲ့ကုန်တိုက်ကြီးတွေကို ပစ်မှတ်ထားတာတွေ့ရတယ်။ တချို့ဆို အိမ်ထဲကနေဆွဲထုတ်ပြီးတော့ မြေပေါ်မှောက်ခိုင်းတာတို့၊ သေနတ်တွေနဲ့ထုတာတို့ သူတို့ကိုယ်သူတို့ ကာကွယ်ရေးတပ်ဖွဲ့တွေ အယောင်ဆောင်ပြီး သွားတာတွေရှိတယ်။ တချို့ဆို အဖမ်းခံရတယ်။ ဖုန်းတွေဘာတွေသိမ်းပြီး ပစ္စည်းတွေသိမ်းတာရှိတယ်။ ကားတွေသိမ်းတာရှိတယ်။ မနေ့ကတော့ သူတို့လေယာဉ်က ပစ်လိုက်တာရယ်၊ တပ်ကုန်းဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ပြည်သူအမျိုးသမီးတယောက် အသက်ဆုံးသွားတာတော့ ရှိတယ်ခင်ဗျ။"

အရပ်သားတွေနေအိမ်တွေရှိတဲ့နေရာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေအပြင် နေအိမ်တွေကိုမီးရှို့တာဟာ စစ်ရာဇဝတ်မှုမြောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဗမာ့ပြည်တွင်းစစ်ပြတိုက်က နိုင်ငံရေးသုတေသီ ကိုရဲဟိန်းအောင်က သုံးသပ်ပါတယ်။

"သူက ပြည်တွင်းစစ် သက်တမ်းကာလတလျှောက်လုံးမှာ လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်တာထက်စာရင် လက်နက်ကိုင် အင်အားစုတွေအနောက်မှာရှိနေတဲ့၊ သူတို့စိုးမိုးတဲ့၊ လွှမ်းမိုးတဲ့၊ ထောက်ခံတဲ့ အရပ်သား ပြည်သူတွေကို သွယ်ဝိုက်တဲ့ တိုက်ခိုက်ပုံတိုက်ခိုက်နည်းတွေကို တောက်လျှောက် ကျူးလွန်တာတွေ့ရတယ်။ လက်နက်ကိုင်အင်အားစုတွေထက်စာရင် ပြည်သူကိုဖိပြီးတော့၊ ပြည်သူကိုဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာ တွေ့ရတယ်။ ဒါက ဘာကိုသက်သေပြနေလဲဆိုရင် မြန်မာစစ်တပ်အနေနဲ့ နှစ်ပေါင်း ၇၀ ကျော် ၈၀ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း သူတို့သုံးစွဲတဲ့ ပြည်တွင်သောင်းကျန်းမှု နှိမ်နင်းရေး ခေါင်းစဉ်အောက်မှာ အရပ်သားတွေကို တောက်လျှောက် စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ သုံးသပ်လို့ရပါတယ်။ နိုင်ငံတကာ ဥပဒေရှုထောင့်ကကြည့်မယ်ဆိုရင် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရပ်ရွာတွေ အရပ်သားပြည်သူတွေ နေအိမ်တွေကို မြေလှန်မီးရှို့စနစ်ကျင့်သုံးတာကိုတွေ့ရတာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို သူတို့ ထဲထဲဝင်ဝင် ကျူးလွန်နေတယ်လို့ သုံးသပ်လို့ရပါတယ်။"

မေ ၂၈ ရက်မှာတော့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲငြိမ်သက်နေပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့တဝက်နီးပါးကို စိုးမိုးသိမ်းပိုက်ထားသလို စစ်ကောင်စီကတော့ ရဲစခန်းနဲ့ စစ်တပ်ကုန်းလို့ခေါ်တဲ့ ခလရ ၂၆၉ တပ်ထဲမှာ နေရာယူထားပါတယ်။

တိုက်ပွဲကြောင့်ဒေသခံအရပ်သားတွေဟာ နေအိမ်တွေကို စွန့်ခွါပြီး ကလေးမြို့ဘက်ကို တိမ်းရှောင်နေကြတာလည်းရှိသလို မြို့ထဲမှာ ပိတ်မိနေသူတွေနဲ့ တိမ်းရှောင်ဖို့ ပြင်ဆင်နေသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တုံ့ပြန်ပြောဆိုတာလည်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG