ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ ကြား တိုက်ပွဲပြင်းထန်နေတာ ၁၁ ရက်ရှိလာပါပြီ။ တိုက်ပွဲကြောင့် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေပြီး၊ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ နေအိမ်မီးရှို့တာတွေ နေ့စဉ်လုပ်ဆောင်နေတယ်လို့ ချင်းညီနောင်အဖွဲ့က ပြောပါတယ်။ မင်းတပ်နဲ့ ဖလမ်းမြို့က တိုက်ပွဲအခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကိုပြောပြမှာပါ။
ချင်းညီနောင်အဖွဲ့ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို မင်းတပ်နဲ့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့တာပါ။ စစ်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ တိုက်ပွဲပြင်းထန်နေတာ ဒီကနေ့နဲ့ဆို ၁၁ ရက်မြောက် ရှိလာပါပြီ။ နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာ နေ့စဉ်ရှိနေတယ်လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမန်က ပြောပါတယ်။
"တိုက်ပွဲတွေကတော့ အခု ၁၁ ရက်တော့ရှိပြီ။ စစ်ကောင်စီကတော့ တရက်မှမနားဘဲ လေကြောင်းဗုံးကြဲတာရှိတယ်။ လက်နက်ကြီးတွေ ပစ်ကူတာရှိတယ်။ ပြီးရင် နေအိမ်တွေ မီးရှို့တာရှိတယ်။ အခု မင်းတပ်ရော၊ ဖလမ်းရောပေါ့။ နေ့စဉ်ရက်ဆက် ဗုံးကြဲတယ်။ Y-12 နဲ့ရော၊ ဂျက်တိုက်လေယာဉ်နဲ့ရောပေါ့။ တိုက်ပွဲတွေကတော့ နေ့တိုင်းနေ့တိုင်း ထိတွေ့မှုတွေ တောက်လျှောက်ဖြစ်နေတယ်။ ပြင်းထန်တာနဲ့၊ မပြင်းထန်တာနဲ့ပဲ ကွာတယ်ပေါ့နော်။ တောက်လျှောက် တိုက်ခိုက်နေတယ်။"
တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒေသခံတွေလည်း အားလုံးနီးပါး စစ်ရှောင်နေကြပါတယ်။ တိုက်ပွဲအတွင်းမှာ ရရှိသိမ်းပိုက်ထားနိုင်တဲ့ စစ်ကောင်စီရဲ့ စခန်းတချို့နဲ့ တိုက်ပွဲအခြေအနေတွေကို တရားဝင်ထုတ်ပြန်သွားမယ်လို့ ဆလိုင်းယောမန်က ပြောပါတယ်။
"ဒေသခံတွေကတော့ ကြိုတင်ပြီးတော့ ရှောင်ကြပါတယ်။ အခုဆို လုံးဝမရှိသလောက် ဖြစ်သွားပါပြီ။ ဒေသခံတွေလည်း ကျနော်တို့ တိုက်ပွဲထဲက ကယ်ထုတ်ခဲ့ရတာတွေလည်း ရှိပါတယ်။ တိုက်ပွဲအတွင်းမှာ ဘယ်လို အောင်မြင်မှုတွေရတယ်၊ ဘယ်လိုဖြစ်လာတယ် ဆိုတာနဲ့ ရတဲ့ကုန်းတွေ၊ ကင်းစခန်းတွေပေါ့နော်၊ ကင်းကုန်းတွေ။ အဲဒါတွေ အကုန်လုံးကိုတော့ တရားဝင်ထုတ်ပြန်သွားဖို့ ရှိပါတယ်ခင်ဗျ။"
ဖလမ်းနဲ့ မင်းတပ်မှာ စစ်စခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင်အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) နဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်မဟာ (၁) တို့ ပါဝင်ပါတယ်။
Forum