သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြစ်ကြီးနား-ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီစခန်းတွေ KIA ဆက်လက် သိမ်းပိုက်


KIA တပ်သားများ (ယခင်ပုံဟောင်း)
KIA တပ်သားများ (ယခင်ပုံဟောင်း)

မိုးမောက်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ နေရာကို KIA က ကြာသပတေးနေ့ မနက်ပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီးနောက် နွယ်လန်း အခြေစိုက် ခမရ ၄၃၈ တပ်စခန်းနဲ့ အမှတ် ၆၁၆ ဒုံးတပ်ရင်းတို့ကို ညနေပိုင်းမှာ သိမ်းယူခဲ့ပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိသလို လေကြောင်းက တိုက်ခိုက်တာမရှိဘဲ ကင်းထောက်လေယာဉ်တွေ ပျံဝဲနေတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီလ ၂၁ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းက မိုးမောက်မြို့နယ် မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက်က မြို့သစ်၊ ကုန်းလော၊ နွယ်လန်းနဲ့ နောင်ကွန် တို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုကို KIA ပူးပေါင်းတပ်တွေကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာပါ။

ကြာသပတေးနေ့ညနေပိုင်းမှာတော့ မိုးမောက်မြို့နယ်ထဲက တပ်စခန်းတချို့ကို သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့ကတော့ နွယ်လန်းစခန်း ၄၃၈ သိမ်းတာ။ နောက် အဲဒီနွယ်လန်းနဲ့ နည်းနည်း ကပ်လျက်ရှိနေတဲ့ သူတို့ရဲ့ Rocket စခန်းလို့ ခေါ်တာပေါ့။ ခမရ ၆၁၆ အဲဒီစခန်းသိမ်းတာ။ အဲဒါ ၂ခုဖြစ်ပါတယ်။ မနေ့က သိမ်းတာ ကတော့ မိုးမောက်မြို့နယ်။ မိုးမောက်ဘက်။ ၅နာရီ၊ ၆နာရီ အချိန်လောက်ပဲ ဖြစ်ပါတယ်။ တနေကုန် တိုက်ပွဲဖြစ်ပြီးမှ ညနေပိုင်းမှာ သိမ်းလို့ ရတာပါ။”

နွယ်လန်းအခြေစိုက် ခမရ ၄၃၈ ဟာ KIA ဌာနချုပ် လိုင်ဇာ အနီးရှိ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာနဲ့ လက်နက်ခဲယမ်း ပို့ဆောင်ပေးတဲ့ အရေးပါတဲ့ တပ်စခန်းဖြစ်သလို အမှတ် ၆၁၆ ဒုံးတပ်ရင်းကလည်း မြစ်ကြီးနား- ဗန်းမော်လမ်းကို ထိန်းချုပ်ရေးအတွက် အရေးပါတဲ့ တပ်စခန်းတွေ ဖြစ်ပါတယ်။

ဒီတပ်စခန်းတွေကို KIA ဘက်က တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည် တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ တိုက်ပွဲဆက်လက် ဖြစ်ပွားတာရှိ၊ မရှိကိုတော့ ဗိုလ်မှုးကြီးနော်ဘူက သူ ခရီးလွန်နေတဲ့အတွက် အဆက်အသွယ် မရသေးကြောင်း ပြောပါတယ်။

“ လောလောဆည် ကျနော် ဘာမှ သတင်းမရဘူး။ ကျနော်လည်း ဟို လိုင်းမရှိတဲ့ဘက်ကို သွားနေတာ။ အခုမှ ပြန်ဝင်လို့ ကျနော် နည်းနည်း ပြန်လေ့လာရမှာ..။”

မိုးမောက်ဒေသခံတဦးကတော့ ဒီကနေ့ မှာတိုက်ပွဲဖြစ်ပွားတဲ့အသံ မကြားရကြောင်းနဲ့ ဒေသတွင်းအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ ဗုံးကြဲတာတော့ မရှိဘူး။ သေနတ်သံတော့ မကြားရဘူး။ ဒီမနက် နောင်ကွန်မှာ ၄- ၅ ချက်လောက်တော့ ကြားရတယ်။ အခုက ငြိမ်သွားပြီ။ နောင်ကွန်ရယ်၊ ၃၂၀ ၊ ၃၈၇ ရယ် တပ်ရင်း ၃ခု ကျန်သေးတယ်။ ၃၈၇ ကုန်းလော၊ မြို့သစ်က ၃၂၀။ မနေ့ကတော့ နွမ်းလန်းမှာ ၄၃၈နဲ့ ၆၁၆ ကတော့ သိမ်းထားပြီ။ ”

မြို့သစ်မှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၂၀၊ ကုန်းလောမှာ ခမရ ၃၈၇နဲ့ နောင်ကွန်မှာ အမှတ် ၃၇၀ အမြောက်တပ်ရင်းတို့ တည်ရှိနေတာ ဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့ မနက်ပိုင်းကတော့ KIA ဋ္ဌာနချုပ် လိုင်ဇာ အနီးရှိ နာ့ဖော့ စခန်းနဲ့ အဲဒီစခန်းအနီးက ကာကင်း စခန်းအချို့ကိုလည်း KIA က သိမ်းယူခဲ့ပါတယ်။ နားဖော့ စခန်းကိုတော့ ဒီလ ၁ရရက်နေ့က စတင်တိုက်ခိုက်ပြီး ၅ရက်အကြာမှာ သိမ်းယူခဲ့တာဖြစ်ပါတယ်။ နားဖော့စခန်းဟာ ၁၉၈၇ မှာ KIA က လက်လွှတ်ခဲ့တဲ့ သူတို့ရဲ့ ဌာနချုပ် နေရာဟောင်းဖြစ်ပါတယ်။

KIAနဲ့ ပူးပေါင်းတပ်တွေဟာ ဒီလ ၇ ရက်နေ့က စတင်ပြီး ဌာနချုပ် လိုင်ဇာအနီးနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်က စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ ဌာနချုပ် လိုင်ဇာ အနီးက အရေးကြီးတဲ့ စစ်ကောင်စီတပ်စခန်း အားလုံးနီးပါးလောက် အပါအဝင် စုစုပေါင်း တပ်စခန်းကြီး၊ ငယ် ၄၀ ခန့်ကို သိမ်းယူထားခဲ့ပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG