သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်မှာ ဓမ္မဆရာတဦး သတ်ဖြတ်ခံရ


နေအိမ်အတွင်း ပစ်သတ်ခံရတဲ့ ဓမ္မဆရာ ခွန်ဂျော်လီ
နေအိမ်အတွင်း ပစ်သတ်ခံရတဲ့ ဓမ္မဆရာ ခွန်ဂျော်လီ

ကချင်ပြည်နယ် နမ္မတီးမြို့ လမ်းခွရွာမှာရှိတဲ့ ကချင်နှစ်ခြင်းအသင်းတော်က ဓမ္မဆရာ တဦးကို အမည်မသိ လက်နက်ကိုင်တွေက နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ဒီအမှုကိုတော့ ရဲက ဆက်လက်စုံစမ်းနေဆဲရှိနေပါတယ်။ တချိန်တည်းမှာတော့ တနိုင်းဘက်မှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့သလို တနင်္ဂနွေနေ့ကတော့ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းအငယ် ၅ခုထက်မနည်းကို KIA က သိမ်းယူခဲ့ပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရ သတင်းတွေကို ကိုစည်သူ က စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ်က ဝိုင်းမော်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ဖားကန့်၊ တနိုင်း စတဲ့မြို့နယ်အတော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ နမ္မတီးမြို့နယ်က လမ်းခွကျေးရွာရှိ ကချင်နှစ်ခြင်းအသင်းတော်က ဓမ္မဆရာ တဦးကို အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့တာပါ။
သတ်ဖြတ်ခံရသူဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ၊ လမ်းခွအသင်းတော်က ဓမ္မဆရာ ခွန်ဂျော်လီဖြစ်ပြီး သူ့ကို နေ့ခင်း ၁၂နာရီအကျော်လောက်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သူနဲ့ နီးစပ်သူ တဦးက အခုလို ပြောပါတယ်။

“ ဆရာ ခွန်ဂျော်လီက သူ့အိမ်ရှေ့မှာ ကွန်ပြူတာဆိုင်ဖွင့်ထားတယ်။ ဆရာခွန်ဂျော်လီက ကွန်ပြူတာခန်းမှာ သူများ ဖိတ်စာလုပ်နေတာတဲ့။ လုပ်နေတဲ့အချိန် ယောက်ျားလေး ၂ယောက်က ဆိုင်ကယ်နဲ့လာပြီးတော့မှ မိတ္တူကူးမယ်ဆိုပြီး လာပြောတယ်တဲ့။ ဆရာက အဲဒါကို မိတ္တူ ကူးပေးလိုက်တာ။ အဲဒီ ၂ယောက်ထွက်သွားတာနဲ့ ၂မိနစ်၊ ၃မိနစ်လောက်ပဲ ကြာတယ်လို့ ပြောတယ်။ ယောက်ျားလေး ၃ယောက်က ဆိုင်ကယ်တဦးမှာ စီးလာပြီးတော့မှ တခါတည်း ဝင်ပြီးတော့ လာဖြစ်ပစ်သွားတာ။ ”

ဓမ္မဆရာခွန်ဂျော်လီဟာ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ သေနတ် ၄- ၅ချက်ထိမှန်ပြီး နမ္မတီးဆေးရုံကို ပို့ဆောင်စဉ် လမ်းမှာ ကွယ်လွန်ခဲ့တာပါ။
လောလောဆည်တော့ ဘယ်အဖွဲ့က ဘာကြောင့်ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးကြောင်း၊ အခင်းဖြစ်ပွားပြီး မကြာခင် ရဲတပ်ဖွဲ့က ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ နမ္မတီးမြို့က လူမှုကူညီရေးဆောင်ရွက်နေသူတဦးကတော့ နမ္မတီးမြို့မှာ တရားဥပဒေစိုးမိုးမှု တစုံတရာရှိနေသေးကြောင်းနဲ့ အရပ်သားတွေ ပစ်ခတ်တာတွေရှိပေမဲ့ နေအိမ်တွင်းဝင်ရောက်ပစ်ခတ်တာဟာ ဒါပထမဆုံးဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ တရားဥပဒေ စိုးမိုးမှုအခြေအနေကတော့ သူတို့ကတော့ လုပ်နေတာပဲ။ စိုးမိုးနိုင်သေးတယ်ပေါ့ဗျာ။ ပစ်ခတ်တယ်ဆိုတာလည်း ပစ်တာတော့ ခန ခန ရှိတယ်၊ မြို့အနီးဝန်းကျင်ပေါ့။ မြို့ထဲမှာ နေအိမ်မှာ ပစ်တာတော့ ဒီတယောက်ပဲ ရှိသေးတယ်ဗျ။ ကျန်တဲ့ဟာတော့ မြို့အထွက်တို့၊ မြို့ ပြင်ပေါ့ဗျာ ၊ အဲဒါမျိုးနေရာမှာတော့ ဖြစ်တတ်တယ်။ ”

ကွယ်လွန်သွားသူ ဓမ္မဆရာခွန်ဂျော်လီဟာ အသက် ၄၇ နှစ်ရှိပြီး မျိုးချစ်စိတ် ထက်သန်သူတဦးဖြစ်သလို ပက်ဂျာဆန်ခေါ် မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သား ၂ယောက်၊ သမီး ၂ယောက် ကျန်ခဲ့ပါတယ်။
နမ္မတီးမှာ ဘာသာရေးဆရာလုပ်ကြံခံရတဲ့ ဒီကနေ့မှာ တနိုင်းမြို့နယ်ဘက်မှာတော့ စစ်ကောင်စီ တပ်စခန်းတခုကို KIA က တိုက်ခိုက်တာရှိကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

“ တနိုင်းဘက်ကတော့ ကျနော်တို့ တပ်ရင်း ၁၄ နေရာမှာ တနေရာမှာ တိုက်ပွဲငယ်လေး တခုဖြစ်တယ်တဲ့ ။ အဲဒီနေရာမှာ မပခကနေ လေကြောင်းနဲ့လာပြီးမှ ပစ်ကူတယ်ဆိုတဲ့ သတင်းလောက်တော့ ကြားပါတယ်။ ဒါပေမဲ့ အဲဒါကတော့ Confirm တော့ မဖြစ်သေးဘူး ခင်ဗျ။ ”

ဆွမ်ပရာဘွမ်ဘက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်း ပြောပါတယ်။
တနင်္ဂနွေနေ့ကတော့ မိုးမောက်မြို့နယ်က စခန်းငယ်လေး အချို့ကို KIA က သိမ်းပိုက်ခဲ့တာရှိကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ ဟုတ်ကဲ့။ မနေ့ကတော့ မိုးမောက်မြို့နယ် အရှေ့ဘက်လောက်ကျမှာ ၂၀၁၁ တိုက်ပွဲစဖြစ်တဲ့အချိန်မှာ ကျနော်တို့ လက်လွတ်သွားရတဲ့ စခန်းတွေ ရွာတွေမှာ ထိုင်နေတဲ့ စကစ စခန်းတချို့ကို ကျနော်တို့ ပြန်သိမ်းတာရှိပါတယ်။ ဆန်ဂန်တို့၊ ဘွမ်ဆဲန်တို့၊ မံဒါဆိုတဲ့ဟာတွေ၊ ဖကောန်ဆိုတဲ့ဟာတွေပေါ့။ ကံဂွန်ဒုန်း တဝှမ်းလုံးမှာရှိတဲ့ စခန်းတွေဖြစ်ပါတယ်။ စခန်းငယ်လေးတွေပေါ့။ ၄- ၅ခုလောက်ရှိမှာပါ။ ကာကင်းတွေပါ နော်။ ”

၂၀၁၁ခုနှစ် ဇွန်လ ၉ရက်နေ့က ကချင်ပြည်နယ်တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ တာပိန်ရေအား လျှပ်စစ်စက်ရုံအနီးရှိ ဆန်ဂါရွာမှာ စတင်ဖြစ်ခဲ့တာပါ။ ဒီလ ၇ရက်နေ့က စတင်လိုက်တဲ့ KIA ရဲ့ ၁၀ရက်ကြာ ထိုးစစ်အတွင်းမှာတော့ ဝိုင်းမော်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်နဲ့ ဖားကန့်ဒေသက စခန်းကြီးငယ် စုစုပေါင်း ၃၀ကျော်လောက်ကို သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ လိုင်ဇာဋ္ဌာနချုပ်အနီးက စစ်ကောင်စီရဲ့ အရေးကြီး တပ်စခန်းတွေဖြစ်တဲ့ ခယာ၊ ဘွမ်ပြန်ဘွမ်၊ ကဆဲန်ဘွမ်နဲ့ ဘွမ်ရဲဘွမ်စတဲ့ တပ်စခန်းကြီးတွေကို သိမ်းယူခဲ့ကြောင်း KIA က သတင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG