သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဆက်လက်ပြင်းထန်


စစ်ရေးလေ့ကျင့်မှုတခုအတွင်းတွေ့ရတဲ့ စစ်တပ်တိုက်လေယာဉ် (ယခင်မှတ်တမ်းပုံ)
စစ်ရေးလေ့ကျင့်မှုတခုအတွင်းတွေ့ရတဲ့ စစ်တပ်တိုက်လေယာဉ် (ယခင်မှတ်တမ်းပုံ)

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းက မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဒါဆိုင်း တပ်စခန်းကို ဒီကနေ့မနက်ပိုင်းမှာ KIA က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းက အပြင်းအထန် တိုက်ခိုက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ KIA ဌာနချုပ်အနီးဝန်းကျင် အပါအဝင် ကချင်ပြည်နယ်က ဒေသတချို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်ပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း တင်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်ကားလမ်းတလျှောက် သီတင်းတပတ်လောက်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်စခန်း အများအပြားကို သိမ်းယူနိုင်ခဲ့ကြောင်း ကြေညာထားတဲ့ ကချင်လွတ်မြောက်ရေးတပ် KIA က ဒီကနေ့မှာပဲ ဒါဆိုင်းတပ်စခန်းကို သိမ်းယူလိုက်တယ်လို့ ပြောပါတယ်။

“ မိုးမောက်က ဒါဆိုင်းက ခလရ ၂၃၇ စခန်းကို ဒီမနက် ၉နာရီလောက်မှာ အပြီးအပိုင် သိမ်းပိုက်လို့ ရပါပြီ။ အရေးပါတဲ့ စခန်းတော့ဖြစ်ပါတယ်။ ဗန်းမော်က လုံခြုံရေးယူထားတဲ့ စခန်းတော့ ဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်တာတွေ ရှိပါတယ်။ စစ်ကူတွေလည်း လာတယ်။ ၃- ၄ရက်လောက်ရှိပါပြီတိုက်တာ။ ”

KIA က ဒါဆိုင်းအခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းအပါအဝင် အပြင်းအထန် တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

“ ဒီမနက်က ဒါဆိုင်းက သိမ်းသွားပြီ။ ဒါဆိုင်းဆိုတာက ဒီဗန်းမော်ကနေ တက်လာလို့ရှိရင် ဟိုး နောက်လိုင်အထက်ကလေ ။ တံတားမရောက်ခင် ဟိုလမ်းဆုံ မရောက် ဘယ်ဘက်က ကုန်း။ အဲဒါ ဒီမနက်သိမ်းသွားပြီ။ အဲဒါကြောင့်မို့ ခုနက လေယာဉ်ပျံနဲ့ ဗုံးတွေလာကြဲတာက မနည်းဘူး။ ဘယ်နှစ်ခေါက်တောင် မသိတော့ဘူး။ ”

တချိန်တည်းမှာပဲ KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးက ဘွမ်ရဲဘွမ် စခန်းမှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဘွမ်ရဲတောင်စခန်းမှာကတော့ တိုက်ပွဲက ဆက်ဖြစ်နေပါတယ်။ မနက်ပိုင်းတကျော့ဖြစ်ပြီးမှ နေ့လည်ပိုင်း နည်းနည်းနားပြီးမှ အခုလည်း ပြန်ဖြစ်နေပါတယ်။ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာတွေပေါ့နော်။ စကစကလည်း ဒီအတိုင်းပါပဲ လေကြောင်းနဲ့ ပစ်တာတွေ ရှိတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ ”

ဖားကန့်မြို့နယ် ဆိုင်းတောင်မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ပိတ်ဆို့ တိုက်ခိုက်တာတွေ ရှိသလို ကာမိုင်းဘက်မှာလည်း စစ်ရေးတင်းမာတာတွေရှိကြောင်း၊ ဒါပေမဲ့ အသေးစိတ်အခြေအနေ မသိရသေးကြောင်း ပြောပါတယ်။

ကာမိုင်းဒေသခံ တဦးက ကာမိုင်းမြို့တွင်းကို ဒီကနေ့မနက်ပိုင်းက KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားအချို့ ထိခိုက်တာတွေ ရှိကြောင်း ပြောပါတယ်။

“ ကာမိုင်းအခြေအနေက ဒီမနက် PDF နဲ့ KIA အဖွဲ့တွေ ဝင်လာလို့ သူတို့ဘက်က ပစ်လိုက်တယ်လို့ ပြောတာပဲ။ စစ်တပ်က ပစ်တာ။ ပြည်သူ ၂ယောက်ထိသွားတာ စစ်တပ်က ကျည်ဆံ ဟုတ်တယ်တဲ့။ ဖြစ်တာက ရွာအလယ်လောက်၊ အလယ်တည့်တည့်နားမှာ ဖြစ်တာ။ PDF ဘက်ကတော့ အကြီးအကျယ် ဝင်ပစ်တာတော့ မကြားရဘူး။ တပ်မတော်ဘက်က လှမ်းပစ်တာတော့ တော်တော်များတယ်။ PDF နဲ့ KIA က ပူးပေါင်းတပ်ဖွဲ့တွေ ဒီ ကာမိုင်းမြို့ တဝိုက်မှာ သူတို့ ဝိုင်းလာတယ်လို့တော့ သတင်းကြားရတယ်။”

ထိခိုက်ဒဏ်ရာရသူ အရပ်သား ၂ဦးကိုတော့ မြစ်ကြီးနား ဆေးရုံကို ပို့ဆောင်ထားကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံး အခြေအနေ၊ ထိခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ကာမိုင်းမြို့မြို့တွင်းတိုက်ပွဲဟာ မနက်၉နာရီလောက်မှာဖြစ်ပြီး တနာရီနီးပါးကြာမြင့်ခဲ့တာပါ။

ဒီပစ်ခတ်မှုဖြစ်ပြီးနောက်မှာ မြို့ခံတွေဟာ မြစ်ကြီးနားနဲ့ မိုးကောင်းဘက်ကို တိမ်းရှောင်တာတွေ ရှိသလို စစ်ကောင်စီတပ်က မတိမ်းရှောင်ဖို့ တားမြစ်တာတွေရှိကြောင်း အခြားဒေသခံတွေကပြောပါတယ်။ လူအချို့က အရပ်သားသေဆုံးမှုရှိကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

ဗုဒ္ဓဟူးနေ့ ဖားကန့်မြို့နယ် နမ့်မှော်အနီးက တန်သုံးထောင် တပ်စခန်းကိုလည်း စစ်ကောင်စီတပ်က စွန့်ခွာခဲ့တဲ့နောက် KIA က ထိန်းချုပ်ထားပါတယ်။

Forum

XS
SM
MD
LG