သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်၊ လိုင်ဇာမြို့အနီး တိုက်ပွဲပြင်းထန်နေ


ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီးက ဘွမ်ရဲဘွမ် စခန်းမှာ ဒီကနေ့ တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံ တိုက်ခိုက်နေပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာတော့ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားရာမှာ ၄ရက်လောက် ပိတ်မိနေတဲ့ ဒေသခံ ၈၀၀ကျော်ကို ညနေပိုင်းမှာ စစ်ဘေးလွတ်ရာကို စစ်ကောင်စီက ထွက်ခွာခွင့် ပေးလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က သူတို့ဌာနချုပ် လိုင်ဇာ အနီးက စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းယူထားပေမဲ့ ဒီကနေ့မှာတော့ ကျန်ရှိနေတဲ့ ဘွမ်ရဲဘွမ် စခန်းကို ဆက်လက် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဒီနေ့ တိုက်ပွဲအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ ခု ကျနော်တို့ လိုင်ဇာနားက ဘွမ်ရဲတောင်မှာကတော့ ဒီမနက် အစောကြီးပေါ့ ၇နာရီ၊ ၈နာရီကတည်းက တိုက်ပွဲဖြစ်တာ။ ဒါက တနေကုန်လို့ ပြောရမှာပေါ့။ စကစဘက်ကနေ လေကြောင်းနဲ့ လာပစ်တာ။ ဖြစ်နေတုန်းပါပဲ။ နည်းနည်းနားလိုက် ပြန်ပစ်လိုက်။ လေကြောင်းကတော့ မြစ်ကြီးနားဘက်ကနေ လာတယ်။ တံတားဦးဘက်ကနေ လာတယ်။ အဲဒါမျိုးတွေဖြစ်ပါတယ်။ ”

စစ်ကောင်စီရဲ့ ဘွမ်ရဲဘွမ် တပ်စခန်းကို မြစ်ကြီးနား-ဗန်းမော် လမ်းတလျောက် ဒီလ ၇ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့တာမှာ ဒီကနေ့မှာ ပြင်းထန်လာတာ ဖြစ်ပါတယ်။

ဒီကနေ့ ဝိုင်းမော်မြို့နယ် အောင်မြေ ၁၊ ၂ ကျေးရွာဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားသိရပေမဲ့ သတင်းအတိအကျတော့ မရသေးကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှာတော့ ဒေသခံ ၈၀၀ ကျော်ဟာ ၄ ရက်လောက် ပိတ်မိနေပြီး မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ထွက်ခွာခွင့်မပေးတာကြောင့် ဘာသာရေးခေါင်းဆောင်တွေနဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ညှိနှိုင်းနေပါတယ်။ ဒီကနေ့ မနက် အောင်မြေ ၂ရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်နေကြောင်း ပိတ်မိနေတဲ့ စစ်ရှောင်တဦးက အခုလို ပြောပါတယ်။

“အခု စစ်ဖြစ်နေတယ်ရှင့်။ ကျမတို့နဲ့ ကပ်လျက်မှာ အခုက ။ လက်နက်ကြီးတွေနဲ့ သေနတ်သံတွေနဲ့ ။ ကျမတို့ ထွက်ခွင့်မရဘူး။ မနေ့ကလည်း အဖွားကြီးတယောက် အောက်စီဂျင်မရဘဲနဲ့ လူတွေ အရမ်းများလို့ အသက်ရူကျပ်ပြီး တယောက်ဆုံးသွားတယ်ရှင့် ၆နာရီမှာ။ ဖြစ်နေတာ အခု ၆နာရီကတည်းက တိုက်ပွဲတွေ။ ”

ဝိုင်းမော်ဒေသခံတဦးက အောင်မြေ ၁၊ ၂ကျေးရွာနဲ့ ဧရာဝတီမြစ်ကြားက မန်ဟိုင်းပါ ကျေးရွာဘက်မှာလည်း မနက် ၆နာရီကတည်း လက်နက်ကြီးသံတွေ ကြားရကြောင်း ပြောပါတယ်။ ဒီညနေပိုင်းမှာတော့ အောင်မြေ ၂မှာ ပိတ်မိနေသူတွေ ဝိုင်းမော်ဘက် ထွက်လာနေပြီ ဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။

“ နောက်ဆုံး Update လက်ရှိ အခုအခြေအနေက အောင်မြေ ၂ကနေပြီး ထွက်လာပြီတဲ့ အကုန်လုံး။ အောင်မြေ ၁ရွာအထွက်မှာ အဲဒီ ဂိတ်မှာ တယောက်ချင်း မှတ်ပုံတင် စစ်နေတယ်တဲ့။ အဲဒါပြီးရင်တော့ ထွက်လာလို့ ရပြီပေါ့။ ”

ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ဒီကနေ့မနက် ဝိုင်းမော်မြို့နယ် အောင်မြေ ၁နဲ့ ၂ ရွာကို ဒီလ ၈ရက်နေ့က KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး ၉ရက်နေ့မှာ ပြန်လည် ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ် နမ့်မှော်ရွာ အနီးက စစ်ကောင်စီတပ်စခန်းတခုကို ဒီကနေ့ KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူတာရှိခဲ့ပေမဲ့ အသေးစိတ် သတင်းအချက်အလက်တွေတော့ မရသေးပါဘူး။

KIA ဟာ ဒီနှစ်ဆန်းပိုင်းကစတင်ပြီး ဖားကန့်၊ မံစီ စတဲ့မြို့နယ်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး ဒီလ ၇ရက်နေ့မှာတော့ လိုင်ဇာမြို့ ဝန်းကျင်နဲ့ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးတလျောက်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတလျောက် စစ်ကောင်စီရဲ့ စခန်းကြီး၊ ငယ် ၂၀လောက် သိမ်းယူထားကြောင်းလည်း KIA က သတင်း ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG