သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ


ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ (မတ် ၁၁၊ ၂၀၂၄)
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ကြောင်း KIA ကြေညာ (မတ် ၁၁၊ ၂၀၂၄)

မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက် ၅ရက်ကြာ တိုက်ပွဲအတွင်း လိုင်ဇာဋ္ဌာနချုပ် အနီးဝန်းကျင် အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၂၀လောက်ကို သိမ်းယူနိုင်ခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ် KIA ကကြေညာလိုက်ပါတယ်။ ဖားကန့်မြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က တပ်စခန်းတချို့ကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း KIA ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော်လမ်း တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီလ ၇ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး၊ ဒီနေ့အထိ တပ်စခန်းအကြီး၊ အငယ် ၂၀ကျော်ကို သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ် KIA က ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီလို သိမ်းယူခဲ့တဲ့စခန်းတွေထဲမှာ အရေးကြီးတဲ့ စစ်ကောင်စီတပ်စခန်းတချို့ ပါဝင်ကြောင်းလည်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ မတ်လ ၇ ရက်နေ့ကနေ ဒီနေ့ ၁၁ ရက်နေ့ အထိပေါ့။ လိုင်ဇာပတ်ဝန်းကျင်ပေါ့။ မြစ်ကြီးနား -ဗန်းမော် ကားလမ်းတကြောမှာတော့ အားလုံး အကြီး၊ အငယ်အားလုံးပေါင်းရင်တော့ ၂၀ ဝန်းကျင်လောက်တော့ သိမ်းလိုက်ပါပြီ။ ၉ ရက်နေ့မှာတော့ ခယာတောင်စခန်းကို သိမ်းတာဖြစ်ပါတယ်။ ၁၀ရက်နေ့မှာတော့ ခယာတောင်နဲ့ ကပ်လျက်ဖြစ်နေတဲ့ နောင်ရာကျင်ခံ ဆိုတဲ့ တပ်စခန်းကို ထပ်သိမ်းတာဖြစ်ပါတယ်။ နောက် ၉ရက်နေ့မှာ ထပ်သိမ်းတဲ့ စခန်းတခုရှိတာကတော့ ကစဲန်ဘွမ်ဆိုတဲ့ စခန်း အဲဒါက လဂျားယန် က စခန်းဖြစ်ပါတယ်။ အဲဒါတွေတော့ လိုင်ဇာ ပတ်ဝန်းကျင်မှာ အရေးကြီးတဲ့ စခန်းတွေဖြစ်ပါတယ်။”

ခယာဘွမ်တပ်စခန်းဟာ ၂၀၁၃ ခုနှစ်က KIA က လက်လွှတ်လိုက်ရတဲ့စခန်းဖြစ်ပြီး လိုင်ဇာနဲ့ အမြောက်တကမ်းအကွာမှာတည်ရှိတာဖြစ်သလို ကစဲန်ကောင်စခန်းကတော့ မိုးမောက်မြို့နယ်အတွင်းက လိုင်ဇာအဝင်လမ်းမှာ တည်ရှိတာဖြစ်ပါတယ်။ ၃အခြားအရေးကြီးတဲ့ တပ်စခန်းတွေကတော့ ဒီလ ၇ရက်နေ့ကတော့ လိုင်ဇာအနီးက ဘွမ်ပြန်ဘွမ်စခန်းနဲ့ ၈ ရက်နေ့မှာ အင်တပ်ဘွမ်စခန်းနဲ့ မလိစခန်း ။ ၉ရက်နေ့မှာ ဒေါ့ဖုန်းယန်က ခလရ ၁၄၂ တပ်စခန်းတို့ကို သိမ်းယူခဲ့ကြောင်း ပြောပါတယ်။ ဒီရက်ပိုင်းမှာ ဖားကန့်မြို့နယ် တာမခန်စခန်းနဲ့ ဆွမ်ပရာဘွမ်မြို့က တပ်စခန်းအချို့ကို သိမ်းယူတာရှိခဲ့ကြောင်းနဲ့ ဒီနေ့ စစ်ရေးအခြေအနေကို အခုလို ဆက်ပြောပါတယ်။

“ တာမခန်စခန်းကတော့ မနေ့က ၁၀ရက်နေ့မှာ အပြီးအပိုင် သိမ်းလို့ ရပါပြီ။ သူတို့လည်း ရှိတဲ့ အကြွင်းအကျန်တွေက ထွက်ပြေးကုန်ပြီ။ ဆွမ်ပရာဘွမ်ဘက်မှာကတော့ ၈ရက်နေ့ ခလရ ၄၆ ပေါ့နော်။ အဲဒီစခန်းတခုကို သိမ်းတာရှိပါတယ်။ မလိယန်နဲ့ ဆွမ်ပရာဘွမ်ကြားက စခန်းဖြစ်ပါတယ်။ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင်ကတော့ အခုထက်ထိကတော့ ဒီနေ့ ထူးခြားမှုတော့ မရှိဘူး။ ဟိုလေကြောင်းတွေလာတာ မရှိဘူး။ မြေပြင်အသံတွေလည်း မကြားဘူး။ ဒီနေ့ကတော့ အခုထက်ထိပေါ့နော်။ အခြားပတ်ဝန်းကျင်မှာလည်း အခုထက်ထိကတော့မကြားဘူး။ ဟို ဖားကန့်ဘက်မှာတော့ ဒီမနက် ရင်ဆိုင်တိုက်ပွဲတွေ ရှိတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့အခုတော့ ဆက်ပြီးမှ သတင်းကတော့ မကြားတော့ဘူး။ ”

ဖားကန့်မြို့နယ်က တာမခန်ရှိ ခမရ ၁၁၉ တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ရက်နေ့ကတည်းက KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး မတ်လ ၉ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားခဲ့ကြောင်းလည်း ပြောပါတယ်။

ဒီကနေ့မှာတော့ ဖားကန့်မြို့နယ် ဆိုင်းတောင်ရဲစခန်းမှာ ခနကြာ ပစ်ခတ်မှုရှိကြောင်းနဲ့ လက်နက်ကြီး ကျည်ထိမှန်တာကြောင့် အရပ်သားတချို့ ထိခိုက်၊ သေဆုံးတာရှိကြောင်းလည်း ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ ဒီနေ့ ဒီနေ့ ၉နာရီလောက်။ ရဲကုန်းမှာတော့ ခဏတဖြုတ်တော့ ၁၀မိနစ်လောက်ကတော့ ဗုန်းဗုန်းဒိုင်းဒိုင်းနဲ့ ပစ်ပြီး ပျောက်သွားတာပဲ။ ၅မိနစ် ။ ၁၀မိနစ်လောက်။ နမ့်မှော် မော်ရကင်ဈေးတန်းမှာ ကျတာလို့ ပြောတယ်။ အဲဒီမှာ ၂ယောက်သေတယ်ပြောတယ်။ အဲဒီမှာ မိသားစု ၃ယောက်က ၂ယောက်သေတယ်တဲ့။ တယောက် က အသည်းအသန် ဒဏ်ရာရတယ်။ အခုက ဒီနေ့ မနက်ကျတော့ ရပ်ကွက် ၁မှာ ကျတာ လက်နက်ကြီးကျတာ ယောက်ျားလေး ၂ယောက်။ နောက် ရပ်ကွက် ၂ သစ်သီးဆိုင်မှာကျ ကောင်မလေးတယောက် အဲဒါကျ အသေအပျောက်တော့ မရှိဘူး။ ဒဏ်ရာ ရတာ။ ဒီနေ့က ဒဏ်ရာရတာ ၃ယောက်လေ။ အသေအပျောက်ကတော့ မနေ့က ဖြစ်တဲ့ဟာ။ ”

ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ဖားကန့်မြို့နယ် နမ့်မှော်ဘက်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ ဖားကန့်ဗျူဟာကုန်းက ပစ်တဲ့လက်နက်ကြီးကြောင့် နမ့်မှော်နဲ့ ဆိုင်းတောင်မှာ အရပ်သား ၄ယောက်သေဆုံးကြောင်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ဝိုင်းမော်မြို့နယ် အောင်မြေ ၂ကျေးရွာမှာ ဒေသခံတွေကို KIA က ဘေးလွတ်ရာကို တိမ်းရှောင်ဖို့ သတိပေးထားပြီး စစ်ကောင်စီတပ်က လမ်းပိတ်ထားတာကြောင့် ပြည်သူတွေ ရာနဲ့ချီပိတ်မိနေကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကတော့ ဘာသာရေးနဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေက ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မပခ တိုင်းမှုးကို တင်ပြ ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဒီလ ၇ရက်နေ့ တိုက်ပွဲတွေ စတင်ပြီးနောက် ဗန်းမော်နဲ့ မြစ်ကြီးနားလေဆိပ်ကို ပစ်ခတ်တိုက်ခိုက်တာတွေရှိတာကြောင့် လေယာဉ်ကွင်း ၂ခုလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားရပါတယ်။ KIA ဘက်က ဒီနှစ်ဆန်းကစတင်ပြီး စစ်ရေးအရှိန်မြင့်တင်လာခဲ့ရာမှာ ဖားကန့်၊ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်ဘက်တွေမှာပါ တိုက်ပွဲတွေကျယ်ပြန်လာသလို ဒီကနေ့မှာလည်း စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အစပ်ဒေသ ကသာနဲ့ မဘိမ်းအကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG