သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲဆက်လက်ပြင်းထန် 


KIA တပ်သားများ (ယခင်မှတ်တမ်းပုံ)
KIA တပ်သားများ (ယခင်မှတ်တမ်းပုံ)

ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက်က အကြဲရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ထိတွေ့တိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပြီး တနင်္လာနေ့ မနက်က ဖားကန့်မြို့နယ်က ကသိုဏ်းတောင်စခန်းကိုလည်း ထပ်မံ သိမ်းယူလိုက်ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ပါတယ်။ မနေ့ညပိုင်းကတော့ ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ရွာအနီးတိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစင်းကို KIA ဘက်က ပစ်ခတ်ခဲ့သလို ဒေသခံ ၈၀၀နီးပါးလောက်ဟာ တိုက်ပွဲကြားမှာ ပိတ်မိနေပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

ဌာနချုပ် လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို ဒီလ ၇ ရက်နေ့မှာ KIAက ထိုးစစ်ဆင်ပြီးနောက် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ဖားကန့်ဘက်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီကနေ့ မနက်က မြစ်ကြီးနားမြို့အထွက် အကြဲရွာမှာ တိုက်ပွဲတကြိမ်ဖြစ်ခဲ့သလို မနေ့မနက်ပိုင်းကတော့ ဖားကန့်မြို့နယ် ကသိုဏ်းတောင်စခန်းကို ထပ်မံ သိမ်းယူခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မြစ်ကြီးနားလမ်းက အထွက်ပေါ့။ မန္တလေး လမ်းဖြစ်ပါတယ်။ အဲဒီ အကြဲရွာမှာ ထိတွေ့ရင်ဆိုင် တိုက်ပွဲငယ်လေး ဖြစ်တယ်ဆိုတဲ့ သတင်းလောက်ပဲ ကြားပါတယ်။ မြေပြင်သတင်းတွေကတော့ မကြားရသေး ပါဘူး။ ဒီနေ့ အခြေအနေကတော့ ကျနော်တို့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာတော့ အခုထက်ထိ ငြိမ်နေပါတယ် ခင်ဗျ။ ဖားကန့်ဘက်ကအခြေအနေကတော့ မနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းမှာ ကတော့ တာမခန်ဘက်ကနေ ထွက်ပြီးမှ အဲဒီ ကသိုဏ်းတောင်ဘက်မှာ စုနေတဲ့ စကစ တပ်ဖွဲ့တွေကို ကျနော်တို့ဘက်ကနဲ့ ပြန်ဝိုင်းပစ်ပြီးမှ အဲဒီ ကသိုဏ်းတောင်စခန်းကို ပြန်သိမ်းထားတာဖြစ်ပါတယ်ခင်ဗျ။ ”

အကြဲကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား နာရီဝက်ခန့်အကြာတိုက်ပွဲဖြစ်ခဲ့တာပါ။ ဖားကန့်မြို့နယ် ကသိုဏ်းတောင်စခန်းကို KIA ပူးပေါင်းတပ်တွေက ၂၀၂၃ခုနှစ် သြဂုတ်လအတွင်းက တကြိမ်သိမ်းယူခဲ့ပြီး စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တဲ့အချိန်မှာ ဆုတ်ခွာခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ တနင်္လာနေ့ ညနေပိုင်းက ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MI 35 စစ်ရဟတ်ယာဉ်တစီးကို KIA က ပစ်ခတ်ခဲ့ပေမဲ့ အပျက်အစီးအခြေအနေကို မသိရသေးကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ မနေ့က ညနေ ၅နာရီ၊ ၆နာရီအထိပေါ့နော်။ အောင်မြေ ၂ဘက်မှာ တိုက်ပွဲရှိပါတယ်။ ၅နာရီခွဲအချိန်ခန့်မှာ အဲဒီရဟတ်ယာဉ် MI 35 ကတော့ မြစ်ကြီးနားဘက်ကလာပြီးမှ တိုက်ပွဲဖြစ်တဲ့နေရာမှာ အရင်ပစ်တယ်။ အဲဒါကို ကျနော်တို့ဘက်ကနေလည်း သူ့ကို ပြန်ပစ်တယ်။ ချက်ချင်းကို မြစ်ကြီးနားလေဆိပ်ဘက်ကို ပြန်သွားတယ်တဲ့။ အဲဒီလေဆိပ်ထဲမှာ ပျက်ဆီးသွားပြီလား၊ မီးလောင်သွားပြီလား ဆိုတဲ့အပိုင်းကိုတော့ ဘယ်သူမှ အတည်ပြုပေးနိုင်တာ မရှိသေးပါဘူး။ အဲဒါကြောင့် လေယာဉ်ပစ်ချနိုင်တဲ့သတင်း အပြည့်အစုံကိုတော့ ကျနော်တို့ လေ့လာနေဆဲပဲ ဖြစ်ပါတယ်။ ”

ဒေသတွင်းသတင်းမီဒီယာအချို့ကတော့ အောင်မြေ ၁ကျေးရွာက အင်လုံခ ပြည်သူ့စစ်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက မြေပြင်ရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ အင်လုံခ ပြည်သူ့စစ်စခန်းကို ဒီလ ၈ ရက်နေ့က KIA က သိမ်းယူခဲ့တာပါ။ လောလောဆည်မှာတော့ ဒေသခံ ပြည်သူ ၈၀၀ လောက်ဟာ အောင်မြေ ၂ ကျေးရွာမှာ ပိတ်မိနေပြီး စားသောက်ရေးအတွက် အခက်အခဲရှိနေသလို အခုထက်ထိလည်း ထွက်ခွာခွင့်မရသေးကြောင်း ဒေသခံ တဦးက ပြောပါတယ်။

“ သူတို့ အခုထက်ထိတော့ မထွက်လာနိုင်သေးဘူး။ လူ ၈၀၀ ဝန်းကျင်လောက်ရှိတယ်လို့တော့ အဲလို ပြောတယ်။ ဘုန်းကြီးကျောင်းမှာ စုပြီးနေကြတယ်ပေါ့နော်။ ကလေးတွေလည်းပါတယ်။ အသက်ကြီးတဲ့သူတွေလည်းပါတယ်။ ပြီးတော့ နာမကျန်းဖြစ်နေတဲ့သူတွေလည်း ပါတယ်။ အခု ရေလည်း ခက်ခဲလာတယ်။ အစားအသောက်လည်း ခက်ခဲလာတယ်လို့တော့ သူတို့ ပြောနေတာတွေ ရှိတယ်ပေါ့။ သူတို့နဲ့ ဖုန်းနဲ့တော့ ဆက်သွယ်လို့တော့ ရနေတယ်။ ဒါပေမဲ့ ထွက်လာဖို့ပဲ အခက်အခဲရှိနေတာ။ ခေါ်ထုတ်ဖို့ ကြိုးစားနေကြတာတော့ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ခွင့်ပြုချက် စောင့်နေတုံး။ ”

အောင်မြေ ၂ ရွာမှာ ပိတ်မိနေသူတွေကို စစ်ဘေးလွတ်ရာကို ခေါ်ယူဖို့အတွက် မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းအသင်းတော် KBC ၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG နဲ့ ဝါရှောင်ဆရာတော်တို့က ကြိုးစားနေကြကြောင်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခွင့်ပြုချက်မရတာကြောင့် ဒီကနေ့ထိ ထွက်ခွာခွင့်မရသေးကြောင်း ဒေသခံတွေက ပြောပါတယ်။ ဝိုင်းမော်မြို့နယ် အောင်မြေ ၂ကျေးရွာမှာ ဒေသခံတွေ ပိတ်မိနေတာဟာ ဒီကနေ့ဆို ၄ရက်ရှိလာပြီ ဖြစ်ပြီး ဒါဟာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဝေဖန်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG