သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာအနီးက ဘွမ်ရဲဘွမ် စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဘွမ်ရဲဘွမ် တပ်စခန်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ သိမ်းယူလိုက်ပြီး ဘွမ်ရဲဘွမ် စခန်းနဲ့ လိုင်ဇာပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်နေကြောင်း KIA က သတင်းထုတ်ပြန်ပါတယ်။ တချိန်တည်းမှာ ဆွမ်ပရာဘွမ်မြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၄၆ တပ်ရင်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်နေသလို စစ်ကောင်စီကလည်း လေကြောင်းက အပြင်းအထန် ပြန်လည် တိုက်ခိုက်နေပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့လာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

KIA ဌာနချုပ် လိုင်ဇာအနီးရှိ ဘွမ်ရဲဘွမ်တပ်စခန်းကို ဒီလ ၇ရက်နေ့ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် စစ်ဆင်ရေးစတင်ကတည်းက တိုက်ခိုက်ခဲ့ရာမှာ ဒီလ ၁၃ရက်နေ့မှာတော့ တိုက်ပွဲတွေ ပိုမို ပြင်းထန်ခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၁၅ ရက်နေ့မှာတော့ ဘွမ်ရဲတောင် တပ်စခန်းကို KIA တပ်တွေက ဝင်ရောက် ရှင်းလင်းခဲ့ပြီး စစ်ကောင်စီကလည်း တနေလုံးနီးပါး လေကြောင်းကနေ တုံပြန်တိုက်ခိုက်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

“ လေကြောင်းနဲ့တော့ ဒီမနက်ကနေ အခုထက်ထိ တိုက်နေတုန်းဖြစ်ပါတယ်။ ဆက်တိုက် ဗုံးကြဲပါတယ်။ လိုင်ဇာ ပတ်ဝန်းကျင်မှာ၊ ဘွမ်ရဲဘွမ် ပေါ့နော်၊ အဲဒီ ပတ်ဝန်းကျင်မှာ။ ဒါပေမဲ့ ဘွမ်ရဲ တပ်စခန်းကိုတော့ ဝင်တော့ ဝင်ရှင်းနေပြီ။ ဒါပေမဲ့ အသေးစိတ် ပြည့်ပြည့်စုံစုံကတော့ မရသေးဘူး။ ဝင်တော့ ဝင်ရှင်းနေပါပြီ။”

ဘွမ်ရဲဘွမ် အနီးက ကာကင်းစခန်းတွေကိုတော့ ပြီးတဲ့အပတ်ကတည်းက သိမ်းယူထားခဲ့ပြီး ဖြစ်ပါတယ်။ လိုင်ဇာအနီး တိုက်ပွဲ ပြင်းထန်နေချိန်မှာပဲ ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့မှာလည်း တိုက်ပွဲ ပြင်းထန်နေကြောင်း ဗိုလ်မှုးကြီး နော်ဘူက ဆက်ပြောပါတယ်။

“ ၂ရက်ရှိပါပြီခင်ဗျ။ အဲဒီ ဆွမ်ပရာဘွမ် ဘက်မှာ၊ ဒီနေ့နဲ့ဆို ၂ရက်ရှိပါပြီ။ အဲဒီဘက်မှာလည်း လေကြောင်း လာပြီးမှ ပစ်တယ်တဲ့။ လေကြောင်းနဲ့ အမြဲတမ်း ဝဲပြီးမှ ပစ် ပစ်နေတယ်လို့ ပြောကြတယ်။ အဲလို သတင်းပေးလာတာတော့ ရှိပါတယ်။ ပူတာအိုမှာကတော့ အဲဒီဒေသ အားလုံးကို ထိန်းချုပ်တဲ့ တပ်စခန်းဖြစ်နေတာ အဲဒီက အရေးကြီးပါတယ်။ ”

ဆွမ်ပရာဘွမ်မြို့က ခလရ ၄၆ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ကြာသပတေးနေ့ နေ့ခင်း ၁၂နာရီကျော်လောက်က ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး မနေ့ ညနေပိုင်းကနေ ဒီကနေ့အထိ လေကြောင်းက တိုက်ခိုက်နေတာပါ။ ဒေသခံတဦးကတော့ လက်ရှိ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ မနေ့က ၁၂နာရီ ကျော်ကျော်ပေါ့နော်၊ အဲဒီကတည်းက စပြီး တိုက်ပွဲဖြစ်တာ၊ ဟုတ်တယ်။ ဒီနေ့လည်း တနေကုန် ဟုတ်တယ် အခုထိပဲ။ ဆွမ်ပရာဘွမ်မြို့က တောင်ထိပ် စခန်းကြီး ဟုတ်တယ်။ မနေ့ကလည်း ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ၂စီးနဲ့ ဗုံးလာကြဲတာရှိတယ်။ ပြီးရင်ဒီနေ့ မနက် ၉နာရီကနေ ၁၁နာရီအထိပေါ့နော် ၁၂ကြိမ်၊ ၁၃ကြိမ် ခေါက်ပြီးမှ ဗုံးကြဲတာရှိတယ်။ ဆွမ်ပရာဘွမ်မြို့က ပြည်သူတွေကတော့ အကုန်လုံး စစ်ရှောင်ကုန်ပြီပေါ့။ သူတို့က ဆွမ်ပရာဘွမ်အောက်ဖက်ပေါ့နော်။ ဆူယန်တွေ၊ ခကရန်းယန်ဘက် အဲဒီဘက်မှာ စစ်ရှောင်တာ။ ”

ဒီလ ၉ရက်နေ့က ဆွမ်ပရာဘွမ်မြို့နယ်မှာ မလိယန် အနီးက စစ်ကောင်စီ တပ်စခန်းတခုကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေကတော့ ဆွမ်ပရာဘွမ် ရဲစခန်းက စခန်းမှုးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၃ဦး လက်နက်ချကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှုးကြီး နော်ဘူကတော့ အတည်ပြုချက် မပေးခဲ့ပါဘူး။

ဒီလ ၇ရက်နေ့က စတင်ပြီး မြစ်ကြီးနား-ဗန်းမော်လမ်းတကြောက စစ်ကောင်စီတပ်စခန်းတွေကို KIA က တိုက်ခိုက်ခဲ့ရာမှာ စခန်းကြီး၊ ငယ် စုစုပေါင်း ၂၀ကျော် သိမ်းပိုက်ထားပြီဖြစ်ကြောင်းနဲ့ ဋ္ဌာနချုပ် လိုင်ဇာအနီးက ခယာ အပါအဝင် ဘွမ်ပြန်ဘွမ်၊ ကစဲန်ဘွမ် စတဲ့အရေးပါတဲ့ တပ်စခန်းတွေ ပါဝင်ကြောင်း KIA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG