ကရင်ပြည်နယ်အတွင်းက မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနဲ့ ဒေါနတောင်လမ်းဟောင်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကော့ကရိတ်ဘက်ကနေ စစ်ရေးအရှိန်မြှင့်ပြီး တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြန်ဖြစ်လာပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနဲ့ ဒေါနတောင်လမ်းဟောင်းပိုင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကော့ကရိတ် ဘက်က စစ်ရေးအရှိန်မြှင့်ပြီးတိုက်ခိုက်နေတာကြောင့် ကော့ကရိတ်ဘက်မှာ နေ့စဉ်နီးပါးတိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။
"တပ်မဟာ ၆မှာလည်း တကျော့ပြန် အောင်ဇေယျစစ်ဆင်ရေးက ပြန်လည်ဖြစ်နေတာပေါ့။ အဲဒါ အသစ်နောက်တခေါက်ပြန်လာတဲ့ အနေအထားပေါ့။ ဒီအတွက် ကော့ကရိတ်မြို့နယ်ထဲမှာ နေ့စဉ်နီးပါး တိုက်ပွဲတွေက ဖြစ်နေပါတယ်။"
ဒေသခံ အရပ်သားတွေရှိရာ ကျေးရွာတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေရှိနေတဲ့အတွက် ဒေသခံတွေ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
"စစ်ဆင်ရေး အတော်များများက သူတို့က (စကစ)က ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေကို ပဲပစ်ခတ်နေတာမျိုး၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာမျိုး။ ဒါက ပြည်သူကိုပဲ တမင်တိုက်ခိုက်တော့ နစ်နာမှုတွေဖြစ်တာပေါ့။ ဒါအပြင်နှစ်ဖက်တိုက်ခိုက်လို့ ထိခိုက်ရတဲ့ လူထုတွေလည်းရှိတာပေါ့။ လေကြောင်းတိုက်ခိုက်မူ့တွေလည်း ရှိတယ်။ တိုက်ပွဲဖြစ်မှ မဟုတ်ဘူး၊ တိုက်ပွဲမဖြစ်ပဲနဲ့လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေလည်း ရှိတယ်။"
စစ်ကောင်စီစစ်ကြောင်းတွေကိုတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နဲ PDF ပူး ပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက် နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးဖြစ်တဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ဧပြီလကစပြီး မြ၀တီဘက်ကို စစ်ကူလာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့ပြီး ပြန်ဆုတ်ခွါသွားပေမယ့် အခုတခါ အာရှလမ်းကို ပြန်ရရေးအတွက် ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ကော့ကရိတ်မြို့နယ်ထဲမှာ တကျော့ပြန် ထိုးစစ်တွေ ပြင်းထန်လာပါတယ်။
Forum