သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ဆိုင်ရာ ကုလမဟာမင်းကြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံ


ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးကြပါတယ်။

တွေ့ဆုံရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့နဲ့ လက်မှတ်ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာ သက်တမ်းတိုးရေး၊ စီမံကိန်းတွေ အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က ယာယီစခန်းတွေမှာ ခိုလှုံနေသူတွေ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်ရေး၊ မြန်မာအစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေမှာ UNHCR ကကူညီပံ့ပိုးနိုင်မယ့် ကိစ္စတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းလည်း ဖော်ပြထားတာပါ။ မဟာမင်းကြီး Grandi ဟာ ရခိုင်ပြည်နယ် ခရီးစဉ် အပြီးမှာပဲ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ရခိုင်ပြည်နယ် ခရီးစဉ်မှာတော့ ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရတာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ဒေသတွင်းက အခြေအနေတွေကို ဆွေးနွေး မေးမြန်းခဲ့သလို၊ စစ်တွေမြို့နယ်မှာရှိတဲ့ စစ်ရှောင်ဒုက္ခသည် စခန်း ၂ ခုကိုလည်း သွားရောက်ခဲ့ပါတယ်။ ၅ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်နေတဲ့ မဟာမင်းကြီး Grandi ဟာ ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်ပြီး ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ ဒေသခံ လူမှုအသိုင်းအဝန်းက ကိုယ်စားလှယ်တွေ၊ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ခရီးစဉ် နောက်ပိုင်းမှာတော့ မြန်မာအစိုးရ အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

ခရီးစဉ်အတွင်း ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်လို့ လေ့လာအကဲခတ်မှာဖြစ်သလို၊ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ရေရှည်တည်တံ့ ခိုင်မာတဲ့ အဖြေတခု ရှာဖွေဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ခရီးစဉ်မတိုင်ခင်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်ဆိုင်ရာ ကုလမဟာမင်းကြီး နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ဆုံ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG