သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ လုပ်ကြံခံရမှု စတင်ရုံးထုတ်


ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း(အလယ်) နဲ့ သံသယရှိသူ ၃ ဦးတို့ကို ရန်ကုန်မြို့မှာ ဒီကနေ့ရုံးထုတ်။
ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း(အလယ်) နဲ့ သံသယရှိသူ ၃ ဦးတို့ကို ရန်ကုန်မြို့မှာ ဒီကနေ့ရုံးထုတ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း နဲ့ သံသယရှိသူ ၃ ဦးတို့ကို ဒီကနေ့ပဲ ရန်ကုန်မြို့မှာ ရုံးထုတ်ခဲ့ပါတယ်။ ရှေ့နေ ဦးကိုနီသေဆုံးခဲ့တာ ၂ လနီးပါး ရှိလာတဲ့ အချိန်အထိ အမှုနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ အဖြေမထွက်သေးတဲ့ အတွက် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟို ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုကို အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အပြင်၊ အမှုမှာ ပူးပေါင်းကြံစည်သူတွေ အဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဇော်ထွန်းနဲ့ဇေယျာဖြိုးတို့ကို ဒီကနေ့မနက်မှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ သူတို့ ၃ ဦး ကိုတော့ ဒီကနေ့ တရားခွင်မှာ စွဲချက်တင်ထားတဲ့ ပုဒ်မတွေကို ဖတ်ပြခဲ့တဲ့အကြောင်း၊ အမှုကိုလာရောက် လေ့လာသူ တဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

"လူသတ်မှု ၃၀၂ နဲ့ စွဲထားတယ်။ မျဉ်းစောင်း ၃၄ ပါတယ်။ ၃၀၂/၃၄ တွဲထားတယ်ဆိုတာ အခုသတ်တဲ့တရားခံအတိုင်း ကျန်တဲ့ တရားခံတွေလည်း ထပ်တူညီ အပြစ်ဒဏ်ရှိတယ် ဆိုတဲ့ အကြောင်းနဲ့ စွဲထားတယ်။ ဦးအောင်ဇော်ထွန်းတယောက်ကတော့ တခြားပုဒ်မ တခုနဲ့ပါ တွဲထားတယ်ပေါ့နော်။ တရားခံကို ထွက်ပြေးဖို့ တိမ်းရှောင်ဖို့ အားပေးကူညီတယ် ဆိုတဲ့ ပုဒ်မနဲ့ပေါ့နော်။ ကြည်လင်းကို ၃၀၂/၃၄ နဲ့ စွဲသလို ကျန်တဲ့သူတွေပေါ့နော် ခုနက ဦးအောင်ဇော်ထွန်းကလွဲပြီး ကျန်တဲ့သူတွေကိုလည်း ၃၀၂/၃၄ နဲ့ စွဲထားတယ်။ လက်နက်ပုဒ်မပါ လက်နက်နဲ့ ပတ်သတ်တဲ့ပုဒ်မနဲ့ စွဲထားတာ။ လက်နက်နဲ့ဆိုတာကလည်း အားလုံးပါနေတာပဲလေ ဒီလက်နက်ကို တရားမဝင် ကိုင်တယ် စသဖြင့် ဒီအကြောင်းအရာတွေပါ။"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက်နေ့က ပြည်တဲရေးဝန်ကြီးဌာနကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်သူတွေဖြစ်တဲ့ ကြည်လင်း(ခ)ဖိုးထူးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ၊ လဝကအက် ၁၃(၁) ၊ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(စ)၊ ဇေယျာဖြိုးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈၊ ထွက်ပြေးနေတဲ့ အောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ စတဲ့ပုဒ်မအသီးသီးတွေနဲ့ မှုခင်း ရဲတပ်ဖွဲ့က တရားစွဲ တင်ပို့မယ်လို့ ပြောထားပါတယ်။

ဦးကိုနီ အမှုမှာ တရားလိုဘက်က အကျိုးဆောင်ပေးမယ့် ရှေ့နေ ဦးနေလကတော့ အမှုနဲ့ပတ်သတ်လို့ သူ့အမြင်ကို အခုလိုပြောပါတယ်။

" တရားရုံးကတော့ အထူးခုံရုံးတခုအနေနဲ့ တရားသူကြီး(၃)ပါး ထိုင်တဲ့ ခုံ ကိုဖွဲ့ပြီးတော့ စစစ်နေပါတယ်။ ဒီအမှုကို ကြည့်လိုက်တဲ့အခါကျတော့ ဒီအမှုဟာ အဓိက ကျတဲ့ တရားခံကို ဖမ်းမမိသေးဘူးပေါ့နော်။ အဓိကအားဖြင့် ဦးကိုနီအတွက် တရားရေး အတွက်ကိုပေါ့နော် အဲ့ဒီ့အတွက်ကို ကျနော်တို့က စတင်ပြီးတော့ ကြိုးပမ်းနေကြပါတယ်။ တခြားတရားစီရင်ရေးဆိုင်ရာ ပြသနာတွေနဲ့ ဒါကို မရောထွေးပဲနဲ့ လတ်တလောကတော့ တရားစီရင်ရေးအဖွဲ့ကတော့ ဥပဒေနဲ့အညီ စစ်ဆေးစီရင်နိုင်ဖို့ ဆောင်ရွက်နေတာကို တွေ့ရတယ်။ အခုအချိန်ကတော့ အမှုကို စတင်စစ်ဆေးတဲ့ အဆင့်ကိုပဲ ကျနော်တို့ သိရပါသေးတယ်။ တရားစီရင်ရေးအရတော့ သူတို့ဖွဲ့စည်းထားတဲ့ တရားရုံးတွေကနေ ဒီအမှုကို မျှမျှတတ စီစဉ်မယ်လို့ ကျနော်တို့က ယူဆပါတယ်။"

ဒီကနေ့တရားခွင်မှာ အမှုသည်တွေကို အကျိုးဆောင်ပေးမယ့် ရှေ့နေတွေရဲ့ အမည်စာရင်းတွေကို တင်သွင်းခဲ့ကြပေမယ့်၊ သတ်ဖြတ်မှုကို ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အတွက် ရှေ့နေ မရှိသေးတဲ့အတွက် အစိုးရရှေ့နေက အကျိုးဆောင်ပေးမယ်လို့ မျှော်လင့်ရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အသတ်ခံခဲ့ရတဲ့ ရှေ့နေ ဦးကိုနီ ဟာ NLD ရဲ့ ထိပ်တန်း ဥပဒေပညာရှင်တဦးအဖြစ် အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ဥပဒေရေးရာတွေမှာ အဓိက အကြံပေးနေသူတဦး ဖြစ်တာကြောင့်၊ လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိမယ်လို့ အများက မြင်နေကြတာပါ။

ဒါပေမဲ့လည်း လုံခြုံရေး အာဏာပိုင်တွေကတော့ အမှုနဲ့ ပတ်သက်လို့ ကနဦးတွေ့ရှိချက်တွေအရ၊ သတ်ဖြတ်မှုဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ဖြစ်နိုင်တဲ့ သဘောမျိုး ပြောဆိုထားပါတယ်။ နောက်တကြိမ် ရုံးချိန်းကိုတော့ ရှေ့သီတင်းပတ် သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှု စတင်ရုံးထုတ်
please wait

No media source currently available

0:00 0:04:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG