သုံးရလွယ်ကူစေသည့် Link များ

မြန်မာငါးထုတ်လုပ်ရေးလုပ်ငန်း နိုင်ငံတကာအဆင့်မီစေဖို့ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူတွေ အမေရိကန်ပြည်ထောင်စုက ကူညီနေပေမဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှုမှာ စိန်ခေါ်မှုတွေက အများကြီး ရှိနေတုန်းပဲလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ တွင်း စားသုံးကုန်ထုတ်လုပ်မှုတွေမှာ ပြည်ပဈေးကွက် တင်ပို့ရာ မှာရော၊ ပြည်တွင်းမှာပါ အစားအသောက် အန္တရာယ်ကင်းရေး ဆောင်ရွက် ချက်တွေမှာ အားနည်းချက်တွေ ရှိနေတုန်းပဲလို့လည်း စားသုံးသူကာကွယ်ရေး လှုပ်ရှားသူတွေကလည်း ဆိုပါတယ်။ အသေးစိတ်ကိုတော့ မဆုမွန်က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်ပေး လိုက်ချိန် မြန်မာ့ပို့ကုန်တွေကို အီးယူ ဥရောပသမဂ္ဂ အပါအဝင် အမေရိကန်နဲ့ အနောက်နိုင်ငံ ဈေးကွက်တွေကို တင်ပို့နိုင်ရေး ကြိုးပမ်းနေကြတာဖြစ်ပါ တယ်။ ပြည်တွင်းငါးမွေးမြူရေး လုပ်ငန်းတွေကနေ နိုင်ငံတကာဈေးကွက်ဝင်တဲ့ အရည်အသွေး မြင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေဖို့ နိုင်ငံခြားက ပညာရှင်တွေနဲ့ ပြည်တွင်း ကုန်ထုတ်လုပ်သူ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုမွေးမြူရေး နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေရှိပေမဲ့လို့ ပြည်ပဈေးကွက်တွင်းကို ထိုးဖောက် ဝင်ရောက်နိုင်မှုမှာ စိန်ခေါ်မှုအခက်အခဲတွေက အများကြီးရှိနေတုန်းပဲ လို့ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နည်းပညာတော့ ရမှာပေါ့ဗျာ။ ဒါပေမဲ့ ကျနော်တို့က ဘယ်လောက်ထိ ထုတ်မှာလဲ။ ဈေးကွက်ထဲမှာ ဘယ်လောက်ထိ ယှဉ်ပြိုင်နိုင်စွမ်းအား ရှိမှာလဲ။ ဘယ်ဈေးနဲ့ထုတ်မှာလဲ။ ဒါတွေက issue တွေ အများကြီး ကျန်သေးတယ်။ မွေးမြူရေးကတော့ အောင်မြင်ပါတယ် ဟိုတုန်းကတကည်းက။ ထုတ်လုပ်မှုစရိတ်ကကြီးတော့ မကိုက်လို့ ရပ်လိုက်ရတာ။ market ရဲ့ သဘောတရားကလည်း ကျနော်တို့သိသလောက်က ကိုယ်က အရင်ထုတ်နိုင်မှ ကပ်မှာ။ ဘယ်လောက်လောက် ကျနော်တို့ဆီမှာ တိုးချဲ့ထုတ်နိုင်မလဲ။ အဲဒါ လိုတာ။ နည်းပညာအရလည်း ကျနော်တို့ ထပ်ပြီးတော့ တိုးမြင့်တာကတော့ ရတာပေါ့။ international market ထဲမှာ ကျနော်တို့က competitive price ရနိုင်မလားဆိုတာ မူတည်ပါတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ ကျနော်တို့က အဲဒီအထဲမှာ ပြောလို့ရမယ်။”

ပြည်ပပို့ကုန်လိုအပ်ချက်အရ ပြည်တွင်းက နိုင်ငံတကာအဆင့်မီ ထုတ်ကုန်တွေကို ဘယ်လောက်အတိုင်းအတာအထိ ထုတ်လုပ်နိုင်မလဲ ဆိုတာနဲ့ ပြည်ပထုတ်ကုန်တွေအတွက် နိုင်ငံတကာဈေးကွက်တွင်း ရောင်းတန်း ဝင်တဲ့ ဈေးနှုန်းရရှိနိုင်ပါ့မလားဆိုတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဦးနှင်းဦးက ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အီးယူ နဲ့ အမေရိကန်ရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်တဲ့အတွက် ပြည်ပဈေးကွက် ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ အလားအလာကောင်းတွေကိုတော့ မြင်နေ ရပြီဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်ကတော့ ထင်ပါတယ်။ ဒီနှစ်မှာတော့ တိုးတက်လာတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီးယူတို့ဘာတို့ကလည်း sanction တွေ မရှိတော့ဘူးလေ။ ဂျီအက်စ်အေ မရှိတော့ဘူး။ အမေရိကား ဈေးကွက်ကလည်း ပွင့်သွားတာပေါ့။ အဲဒီတော့ ကျနော်ထင်တယ် ခန့်မှန်းကြည့်ရတာပေါ့။ နည်းနည်းတော့ တိုးတက်လာလိမ့်မယ်လို့ ယူဆရတယ်။ ကျနော်တို့က ဘာ စိန်ခေါ်မှုရှိလဲဆိုတော့ ကျနော်တို့က ပိုက်ဆံမရှိဘူးခင်ဗျ။ အမေရိကားတို့ အီးယူတို့ကိုသွားရင် အရေအသွေးမီတဲ့အဆင့် လုပ်ရမယ်။ အဲဒါတွေ ပြည့်မီဖို့ ဆိုတဲ့နေရာမှာ ငွေက အရမ်းလိုတယ်။ ဆိုတော့ ဒီနေ့ထိ ကျနော်တို့ဆီမှာ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေ ဘာမှမရှိသေးဘူး။ အရင် မိရိုးဖလာအတိုင်းပဲ မွေးလာတာရှိတယ်။ နည်းပညာအသစ်ရလည်း စိုက်ထုတ်ရမယ့် ပိုက်ဆံက ဘယ်ကမှမရသေးဘူး။ အဲဒီတော့ ကျနော်တို့က အဲဒီအခြေအနေပေါ့ဗျာ။”

ပြည်ပပို့ကုန်ဈေးကွက်ကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်တင်သွင်းနိုင် ဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် ပြည်တွင်း ငါးထုတ်လုပ်သူတွေက ကြိုးစားကြပေမဲ့လို့ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေမှာ လမ်းပမ်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိပြီး လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဦးနှင်းဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ဆီမှာ အားနည်းတာက infrastructure အားနည်းတယ်။ လမ်းပမ်းဆက်သွယ်ရေးတွေ မကောင်းဘူးခင်ဗျ။ လမ်းပမ်းဆက်သွယ်ရေး ကလည်း ဝေးလံတဲ့နေရာတွေက သယ်ယူဖို့ဆိုတဲ့ကိစ္စတွေ၊ အနီးစပ်ဆုံးအဆင့် ဈေးကွက်ကိုသွားဖို့ စရိတ်စက။ ဒါတွေက စိန်ခေါ်မှုတွေဖြစ်နေတယ်။ တခြား နိုင်ငံတွေနဲ့ယှဉ်ရင် ကျနော်တို့က အများကြီး စိန်ခေါ်မှုတွေ ဖြစ်နေတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့က ကြိုးစားရမှာပေါ့ဗျာ။ ဒါကတော့ အစိုးရရော ကျနော်တို့အတွက်ရော အခွင့်အလမ်းတခု ရတာပေါ့။ ဒါပေမဲ့ အဲဒါကြီးတခုတည်း အားကိုးလို့မရသေးဘူး။ ဒါပေမဲ့ အဲဒါတခု တည်းနဲ့တော့ မရသေးဘူးလို့ ကျနော် သုံးသပ်ချင်ပါတယ်။”

အခုလိုပြည်ပဈေးကွက်ထဲကို ရေလုပ်ငန်းထွက် စားသုံးကုန်တွေ တင်ပို့နိုင်ရေး နိုင်ငံတကာနည်းပညာတွေ ပံ့ပိုးကူညီပေးဖို့ လိုအပ်သလိုပဲ ပြည်ပပို့ကုန်တင်မက ပြည်တွင်းက ပြည်သူလူထု နေ့စဉ်စားသုံးနေရတဲ့ အစားအသောက်တွေမှာလည်း စားသုံးသူတွေ အတွက် အစားအသောက်တွေမှာ အန္တရာယ်ကင်းရေး ကိုလည်း အထူးအလေးထား ဆောင်ရွက်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဘအုပ်ခိုင် ကလည်း ပြောပါတယ်။

“အခုလက်ရှိအနေအထားပေါ့နော်။ အစားအသောက်ပိုင်းဆိုင်ရာ food safety က အနိမ့်ဆုံးအနေအထားမှာ ရှိပါတယ်။ ကျနော်တို့နိုင်ငံက။ ကျနော်တို့ဆီမှာ ခေတ်မီတဲ့ ဓာတ်ခွဲခန်းတွေလည်း မရှိဘူး။ အဲဒီ ဓာတ်ခွဲခန်းပစ္စည်းတွေ ရောက်လာရင်တောင်မှ ဒီမှာ အဲဒီ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကို စနစ်တကျ ကိုင်တွယ်သုံးစွဲနိုင်မယ့် ပညာရှင်မရှိဘူးပေါ့။ ဆိုတော့ အမေရိကန်က နည်းပညာအကူအညီပေးမယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ နည်းပညာတခုတည်း ပေးလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ကျနော်တို့ ISO လက်မှတ်ရထားတဲ့ ဓာတ်ခွဲခန်းက မြန်မာပြည်မှာ တခုပဲ ရှိသေးတယ်၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဓာတ်ခွဲခန်း။ ဒါတောင် ကျနော်တို့ ပြည်တွင်းသွင်းမယ့် import တွေကို စစ်တာမဟုတ်ဘူး။ ပြည်ပပို့တဲ့ export တွေကို စစ်တာပေါ့နော်။ ကျနော်တို့ မြန်မာပြည်သူလူထု စားသောက်မယ့်ပစ္စည်းတွေကို စစ်တာမဟုတ်ဘူး။”

မြန်မာနိုင်ငံတွင်းက မွေးမြူရေးနဲ့ရေလုပ်ငန်း ဦးစီးဌာနနဲ့ ပြည်တွင်း ရေထွက် ပစ္စည်း ထုတ်လုပ်နေသူတွေကို လယ်သမားတွေက လယ်သမားတွေကို အကူအညီပေးရေး စီမံကိန်းအရ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Winrock International ကနေတဆင့် USAID နိုင်ငံတကာ ဖွံ့ဖြိုးမှုအထောက် အပံ့ပေးရေး အေဂျင်စီရဲ့ ရန်ပုံငွေနဲ့ မွေးမြူရေးနဲ့ရေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြည်တွင်း ငါးထုတ်လုပ်ရေးလုပ်သားတွေကို လာရောက် ပို့ချပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များ အဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG