သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံသားတွေ မြန်မာနိုင်ငံက ထွက်ဖို့ သံရုံးက လေယာဉ် စီစဉ်ပေးနေ


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

(Zawgyi/Unicode)

မြန်မာနိုင်ငံကိုရောက်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို လာမယ့် သီတင်းပတ်အတွင်း နေရပ်ပြန်ခေါ်နိုင်ရေး ရန်ကုန်မှာ ရှိတဲ့အမေရိကန်သံရုံးက စီစဉ်နေတယ်လို့ ရန်ကုန်အမေရိကန်သံရုံးက ဧပြီလ ၁ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

လေယာဉ်ထိုင်ခုံအရေအတွက် အကန့်အသတ်ရှိတဲ့အတွက် ပြန်မယ့်လူအားလုံးကို နေရာပေးနိုင်မှာမဟုတ်ဘဲ လေယာဉ်ထိုင်ခုံအရေအတွက်ထက် ပြန်မယ့်အရေအတွက်က ပိုများမယ်ဆိုရင် ဦးစားပေးအဆင့် အသီးသီးအရ နေရာပေးသွားမယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဲဒီဦးစားပေးအဆင့် သတ်မှတ်ချက်မှာ COVID-19 ကူးစက်ခံရမယ့် အလားအလာပိုများသူတွေနဲ့ သူတို့ရဲ့ အနီးစပ်ဆုံး မိသားစုဝင်တွေကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေနဲ့ သူတို့ရဲ့ အမေရိကန်နိုင်ငံသား မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ ဒါမှမဟုတ် နိုင်ငံခြားသား မိဘ ဒါမှမဟုတ် အုပ်ထိန်းသူ ဒါမှမဟုတ် အတူလိုက်ပါပို့ဆောင်ပေးမယ့်သူတွေကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

ကျန်တဲ့ အမေရိကန်နိုင်ငံသား အားလုံးထဲကမှ အရင်လာသူကို အရင်နေရာပေးသွားမယ်လို့ ကြေညာထားပါတယ်။

ရန်ကုန်နိုင်ငံတကာလေဆိပ်ကနေ လေယာဉ်ပြန်ထွက်ဖို့ စီစဉ်ထားပေမယ့် ဘယ်နေ့ထွက်မလဲဆိုတာကိုတော့ မသတ်မှတ်ရသေးသလို အမေရိကန်ပြည်ထောင်စုက ဘယ်လေယာဉ်ကွင်းမှာ ဆင်းမလဲဆိုတာကိုလည်း မသတ်မှတ်ရသေးပါဘူး။

အမေရိကန်ပြန်ရောက်ရင်တော့ ခရီးသည်တွေအနေနဲ့ ကို်ယ့်နေရပ်ကို ကိုယ့်အစီအစဉ်နဲ့ ခရီးဆက်ကြရမယ်လို့လည်း ဖော်ပြထားပါတယ်။ သံရုံးက တကြိမ်သာ စီစဉ်ပေးမယ့် ဒီလေယာဉ်ခရီးစဉ်ဟာ အခမဲ့ မဟုတ်ဘဲ လိုက်ပါလာမယ့် အမေရိကန်နိုင်ငံသားအားလုံးအနေနဲ့ အမေရိကန်အစိုးရကို ကျသင့်ငွေ ပြန်ပေးကြရမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွါးနေတဲ့အတွက် နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ခက်ခဲလာနိုင်တာကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ခွါဖို့ ခုလို သီးသန့်လေယာဉ်ခရီးစဉ် တခုစီစဉ်ပေးရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

လေယာဉ်ဖိုးဟာလည်း မြန်မာနိုင်ငံကနေ အမေရိကန်ကို ပျံသန်းတဲ့ လေကြောင်းလိုင်းတွေက လေယာဉ်လက်မှတ်ခနဲ့ သိပ်ကွာမှာမဟုတ်သလို ခရီးစဉ်မတိုင်ခင် စုစုပေါင်း ဘယ်လောက်ကျသင့်မလဲဆိုတာကို အကြောင်းကြားမယ်လို့လည်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG