သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပစ်ခတ်မှုကိစ္စ FBI ကို သမ္မတ အပြစ်တင်


ပြီးခဲ့တဲ့ သီတင်းပတ်က ဖလော်ရီဒါ အထက်တန်းကျောင်းမှာ အသက် ၁၉ နှစ် အရွယ် အမျိုးသားက လူစုလူဝေးတွင်း ပစ်ခတ်မှု မတိုင်ခင် အချက်ပြခဲ့တာတွေကို သတိမထားခဲ့မိတဲ့ အတွက် နိုင်ငံရဲ့ ထိပ်တန်း တရားဥပဒေ စိုးမိုးရေး ဌာနကို သမ္မတ Donald Trump က ဝေဖန်လိုက်ပါတယ်။

ဖလော်ရီဒါ အထက်တန်းကျောင်းကို ဝင်ရောက် ပစ်ခတ်ခဲ့သူက ကြိုတင် အချက်ပြမှုတွေကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ဘက်က သတိမထားနိုင်ခဲ့တာဟာဆိုရင် သိပ်ကို ဝမ်းနည်းဖို့ ကောင်းကြောင်း၊ လက်သင့်ခံနိုင်စရာ မရှိကြောင်း မနေ့ စနေနေ့ ညနေခင်းမှာ သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

ပူးပေါင်းကြံစည်မှု မရှိခဲ့တဲ့ Trump ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပေါင်းကြံမှုတွေကို ဖော်ထုတ်နိုင်ဖို့ အချိန်ကုန်ခံ ကြိုးပမ်းနေကြောင်း၊ တကယ့်လုပ်ရမယ့် အလုပ်တွေကို ပြန်လုပ်ပြီး အားလုံး ဂုဏ်ယူရအောင် လုပ်ပါလို့ သမ္မတ Trump က ရေးသားခဲ့တာပါ။ လူ ၁၇ ယောက် သေဆုံးခဲ့ရတဲ့ Marjory Stoneman Douglas အထက်တန်းကျောင်းမှာ သေနတ်သမား ဝင်ရောက် ပစ်ခတ်မှု မတိုင်ခင် သတင်းပေးချက်ကို အရေးယူ ဆောင်ရွက်မှု မရှိခဲ့တဲ့ အကြောင်း FBI က ပြီးခဲ့တဲ့ သောကြာနေ့က ဝန်ခံထားတာပါ။

သေနတ်သမား Nikolas Cruz နဲ့ နီးစပ်သူ ဆွေမျိုး တဦးက ဒီဆယ်ကျော်သက်ဟာ လူတွေကို သတ်ဖို့ စိတ်ကူးနေတဲ့ အကြောင်းနဲ့ တခြား စိတ်အနှောင့်အယှက် ဖြစ်စရာ တခြား အချက်အလက်တွေကို ဇန်နဝါရီလ ၅ ရက်နေ့က သတင်းပေးခဲ့ကြောင်း FBI က ပြောဆိုထားပါတယ်။ လူအများအပြားကို သတ်ဖြတ်နိုင်ခြေ ရှိသူ အဖြစ် သတိပေးချက်တွေကို တရားရေးဌာနနဲ့ FBI တို့ အနေနဲ့ ဘယ်လို တုံ့ပြန်သလဲ ဆိုတာကို ချက်ချင်း ပြန်လည်သုံးသပ်ဖို့ ရှေ့နေချုပ် Jeff Sessions ကလည်း ညွှန်ကြားထားပါတယ်။

Broward ခရိုင် ထောင်မှာ အာမခံ မပေးဘဲ ဖမ်းခံထားရတဲ့ Cruz ကတော့ AR-15 ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာကို ဝန်ခံထားကြောင်း ရဲရုံးက ပြောဆိုထားပါတယ်။ စည်းကမ်းဖောက်မှုနဲ့ ပြီးခဲ့တဲ့နှစ်က ကျောင်းထုတ်ခံထားရတဲ့ Cruz ကတော့ ကြိုတင်ကြံစည် သတ်ဖြတ်မှု စွဲချက် ၁၇ ခုနဲ့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG