သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေဝင်ပြိုင်တဲ့ ဝါရှင်တန် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ


ကမ္ဘာတလွှားက လူငယ်ကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်တဲ့ First Global နိုင်ငံတကာ Robot စက်ရုပ်ပြိုင်ပွဲမှာအကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုအသင်းက ပြောပါတယ်။ ဒီနှစ် စက်ရုပ်ပြိုင်ပွဲမှာတော့ ကမ္ဘာတလွှားက လူသန်းနဲ့ချီဟာ သောက်သုံးရေသန့် မရရှိတဲ့ပြဿနာကို မီးမောင်းထိုးပြတဲ့အနေနဲ့ နိုင်ငံကိုယ်စားပြု စက်ရုပ်အသင်းတွေဟာ ပြိုင်ပွဲအတွင်း ရေကိုယ်စားပြု ဘောလုံးလေးတွေကို ရွေးချယ်ရမှာပါ။ ဝါရှင်တန် ဒီစီမြို့တော်မှာ ကျင်းပတဲ့ ဒီ စက်ရုပ်ပြိုင်ပွဲအကြောင်း သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်အောင်က တင်ပြပေးမှာပါ။

First Global Challange ၂၀၁၇ ပထမဆုံးအကြိမ် နိုင်ငံတကာ Robot စက်ရုပ် ပြိုင်ပွဲကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ စတင်ဖွင့်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၆၀ လောက်က ကျောင်းသားတွေဟာ နိုင်ငံအလိုက် စက်ရုပ်တီထွင်ပြီး ၃ နိုင်ငံ တဖွဲ့ပူးပေါင်းကာ တဖက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ကမ္ဘာတလွှားက လူငယ်တွေအနေနဲ့ သိပ္ဗံ၊ နည်းပညာ၊ အင်ဂျင်နီယားရင်း၊ တွက်ချက်တာ အစရှိတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချပြီး မတူကွဲပြားတဲ့ နောက်ခံယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်းတွေ ကို ပေါင်းကူးဆက်သွယ်ပေးနိုင်အောင်လည်း အခုလို ပြိုင်ပွဲကျင်းပတာဖြစ်ပါတယ်။ အသင်းလိုက် ဘယ်လိုယှဉ်ပြိုင်ကြမလဲ ဆိုတာကိုမြန်မာနိုင်ငံကိုယ်စားပြု အသင်းခေါင်းဆောင် ကိုဖုန်းသီဟကျော်က အခုလိုရှင်းပြပါတယ်။

“နိုင်ငံ ၆ နိုင်ငံက ၂ မိနစ်ခွဲအတွင်းမှာ ပြိုင်ရမယ်။ ၃ နိုင်ငံ တဖွဲ့ပေါ့နော်။ ဟိုဘက် ၃ နိုင်ငံ၊ ဒီဘက် ၃ နိုင်ငံ ဆိုပြီးပြိုင်ရမှာပေါ့။ ပြိုင်ပွဲက အဓိကတော့ ဒီဘောလုံးကောက်ဖို့ပေါ့ ဘော်လုံးလေးတွေက ၂ မျိုးခွဲပေးထားတယ် အပြာရယ် လိမ္မော်ရောင်ရယ်။ အပြာရောင်ကိုတော့ ၁ မှတ်၊ လိမ္မော်ရောင် ကိုတော့ ၄ မှတ်သတ်မှတ်ပေးထားတယ်။ အဲဒီ အပြာ၊ လိမ္မော်တွေကို သူတို့ သတ်မှတ်ထားတဲ့ နေရာကိုထားပေးရမှာပေါ့ ။ ၂ မိနစ်ခွဲအတွင်းမှာ အများဆုံးဘောလုံးတွေထားနိုင်တဲ့ နိုင်ငံ၃ နိုင်ငံက စုစုပေါင်းအမှတ်ရပြီးတော့ နိုင်မှာပေါ့။ ပြိုင်ပွဲပြီးခါနီးမှာ နိုင်ငံအားလုံးက ဘားတန်းပေါ်မှာ ခိုနားနေရမယ် မြေပြင်ပေါ်မှာ ဘာမှ မရှိရဘူး။ အဲဒါမျိုးဆိုရင် တနိုင်ငံကို အမှတ် ၂၀ ရမယ် အဲဒါကြောင့် နိုင်သွားတဲ့အသင်းက အမှတ် ၆၀ ရမယ်ပေါ့။”

ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းအရ စက်ရုပ်ရဲ့ နည်းပညာပိုင်းမှာ ပြင်ဆင်မှုတချို့လုပ်ခဲ့ရပေမယ့် ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ကိုဖုန်းသီဟကျော်ကပြောပါတယ်။

“စက်ရုပ်ကကောင်းကောင်းအလုပ်လုပ်ပါတယ်။ တခါတလေ ပြိုင်ပွဲပြဿနာတွေကြောင့် တခါတလေအမှားတွေပါပေမယ့် အဆင်ပြေပါတယ်။ ကောင်းကောင်းအလုပ်လုပ်ပါတယ်။”

အပြာရောင်ဘောလုံးလေးတွေကို သန့်ရှင်းတဲ့ရေအဖြစ် သတ်မှတ်ထားသလို လိမ္မော်ရောင်ဘောလုံးလေးတွေကိုတော့ ညစ်ညမ်းရေအဖြစ် သတ်မှတ်ပြီး ပြိုင်ပွဲဝင်အသင်းတွေက ဖန်တီးထားတဲ့ စက်ရုပ်တွေနဲ့ ခွဲထုတ်ပေးရမှာပါ။ ကမ္ဘာတလွှားက လူပေါင်းသန်းတထောင်ကျော်ဟာ သောက်သုံးရေသန့် မရတဲ့ပြသနာကို မီးမောင်းထိုးပြတဲ့အနေနဲ့ အခုလို ပြိုင်ပွဲကျင်းပတာပါ။ အဲဒီ သောက်သုံးရေ ဖူဖူလုံလုံမရတဲ့သူတွေရဲ့ ထက်ဝက်ကျော်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ အခုပြိုင်ပွဲဝင်တွေအနေနဲ့ အနာဂါတ်မှာ ရေထဲက ဓါတုဓါတ်တွေ၊ ရောဂါပိုးမွှားတွေ ဖယ်ရှားနိုင်အောင်၊ နောက် စနစ်တကျနဲ့ ဆည်တွေဆောက်ပြီး ရေသိုလှောင် အသုံးပြုနိုင်အောင် စတာတွေ လုပ်ကိုင်နိုင်ဖို့ တိုက်တွန်း အားပေးတဲ့အနေနဲ့ ပြိုင်ပွဲစီစဉ် ကျင်းပတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေအားလုံးအနေနဲ့ ကမ္ဘာကြီးရင်ဆိုင်ရမယ့် ပြဿနာတွေကို ဟန်ချက်ညီညီဖြေရှင်းနိုင်တဲ့ အလေ့အထကို ထူထောင်ပေးတဲ့အနေနဲ့ အခုပြိုင်ပွဲကျင်းပတာဖြစ်ကြောင်း First Blobel အဖွဲ့ ထူထောင်သူ Dean Kamen ကပြောပါတယ်။

“ဒီပြိုင်ပွဲအတွက် အကောင်းဆုံးဆုဆိုတာကတော့ အားလုံး ဂုဏ်ယူနိုင်တဲ့ အခွင့်အရေးဖြစ်ပါတယ်။ တကယ်ဆိုတော့ ပြိုင်ပွဲမှာ စက်ရုပ်တွေထက် ကလေးတွေက ပိုပြီး အဓိကကျပါတယ်။ ဘယ်စက်ရုပ်ပဲနိုင်နိုင်ပါ။ ဒါဟာ အရေးမကြီးပါဘူး။ ပြိုင်ပွဲမှာ အားလုံးအနိုင်ရပြီး သူတို့အိမ်ပြန်တဲ့အခါမှာ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပြီး သူငယ်ချင်းသစ်တွေလည်းရမယ်။ ပြီးတော့ သူတို့အနေနဲ့ သိပ္ဗံနဲ့ နည်းပညာကို သက်ဝင်ယုံကြည်ပြီးနောက် အားလုံးအတွက် သာယာဝပြောဖွယ်ကမ္ဘာကြီးဖြစ်အောင် အနာဂါတ်မှာ ဖန်တီးနိုင်သူတွေဖြစ်ရမယ်ဆိုတဲ့ အတွေးမျိုး ပါသွားစေချင်တာပါ။”

နိုင်ငံကိုယ်စားပြုအသင်းတွေမှာ အဖွဲ့ဝင် တယောက်ကနေ ၇ ယောက်လောက်အထိပါဝင်ကြပါတယ်။ အစောပိုင်းတုန်းက အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့အာဖဂန်နစ္စတန်အသင်း လည်း နောက်ပိုင်းမှာ ပြည်ဝင်ခွင့် ရပြီး ပြိုင်ပွဲဝင်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအသင်းအတွက်တော့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ် USAID နဲ့ ဖန်တီးရာအဖွဲ့က ပြိုင်ပွဲဝင်နိုင်ဖို့ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ နည်းပညာကျွမ်းကျင်ပြီး ခွန်စိုက်အားစိုက် လုပ်ကိုင်မယ့်ကျောင်းသားလူငယ်တွေကို ကျောင်းတွေကနေ ရွေးချယ်ခေါ်ယူခဲ့တာပါ။ ပြိုင်ပွဲဝင်နိုင်ဖို့ အချိန်တိုတိုအတွင်းမှာ အဖွ့ဲ့အစည်း စိတ်ဓါတ်နဲ့ အားလုံး တက်ညီလက်ညီ လုပ်ခဲ့ကြတယ်လို့ မယုဇနဝင်းက ပြောပါတယ်။

“ညီမတို့ ဒီအဖွဲ့မှာဆိုရင် အဓိက Team captain တယောက်ရှိတယ်၊ Team captain ကတော့ hardware ပိုင်းနဲ့ software အပိုင်းကို အဓိက တာဝန်ယူပြီးလုပ်တယ်။ နောက်ပြီးတော့ နောက်ထပ် ယောင်္ကျားလေး ၃ ယောက်ပါတယ်ပေါ့နော်။ ညီမတို့ ကျန်တဲ့ မိန်းကလေးတွေကတော့ Programming ပိုင်းကို ရသလောက်ကူတယ်ပေါ့နော်။ အဲဒီတော့ အကုန်လုံးသီးသန့်ခွဲထားတာမရှိဘူး။ ကိုယ်ကြိုက်သလို အဆင်ပြေသလို ဝင်လုပ်ကြတယ် ။ ကိုယ်ကျွမ်းကျင်သလို ၊ သီးသန့်ကြီးသတ်မှတ်ထားတာ ခွဲခြားထားတာ အဲလိုမျိုးတော့ မရှိပါဘူး။”

Constitution ခန်းမမှာ ကျင်းပတဲ့ နိုင်ငံတကာ စက်ရုပ်ပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်နဲ့ ၁၈ ရက် ၂ ရက်ကျင်းပမှာပါ။၃ နိုင်ငံစီပါဝင်တဲ့ အက်ကွာနဲ့ ဟိုက်ဒရို အသင်း ၂ သင်းယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပါဝင်တဲ့ အသင်းဝင် ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးအသင်း ဒါမှမဟုတ် အမျိုးသမီးတွေက စီစဉ်တဲ့ အသင်းတွေဖြစ်ပါတယ်။ ဇူလိုင်၁၈ ရက်နေ့ညနေဖက်မှာတော့ ဆုပေးပွဲအခမ်းအနားကျင်းပမှာဖြစ်ပြီး ပထမ ဒုတိယ တတိယ ဆုတွေကို ပေးအပ်ချီးမြှင့်မှာပါ။ ဒီဆုပေးပွဲအခမ်းအနားကို ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေါက်တာ Jim Yong Kim လည်း တက်ရောက် အမှာစကား ပြောကြားပေးမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG