တခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာစေဖို့ မွန်တော်လှန်ရေးတပ် ၄ ဖွဲ့ သဘောတူလိုက်ကြ ပါတယ်။ မွန်ပြည်သူတွေရဲ့ ဆန္ဒအရ ဘုံရန်သူကိုချေမှုန်းနိုင်အောင် ပူးပေါင်းလိုက်တာဖြစ်ကြောင်း မွန်တော်လှန်ရေးတပ်ဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) စတဲ့ မွန်အဖွဲ့ ၄ ဖွဲ့က တခုတည်းသော မွန်တပ်တော်အဖြစ် ပေါင်းစည်းဖို့ သဘောတူလိုက်ကြပါတယ်။ ဒီဇင်ဘာ ၁၈ ရက် နေ့က တော်လှန်ရေးနယ်မြေတခုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတရပ် ပြုလုပ်ပြီး ဒီဇင်ဘာ ၁၉ ရက်က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ပထမအဆင့်အနေနဲ့ ပူးတွဲစစ်ရေးလှုပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါ တယ်။ ဒါနဲ့ပတ်သက်လို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA) စစ်အရာရှိရုံး၊ မဟာမိတ်ဆက်ဆံရေးဌာန ဌာနမှူး ဗညားမင်းကန်စီက ဗွီအိုအေကို ခုလို ပြောပါတယ်။
“မွန်တပ်ဖွဲ့တွေက အကွဲကွဲ အပြားပြားနဲ့ လှုပ်ရှားနေတယ်ဆိုရင် နံပါတ် (၁) ပြည်သူ လူထု၊ မွန်ပြည်သူ လူထုအနေနဲ့ ထောက်ခံအားပေးမှုကို ရရှိမှာ မဟုတ်ပါဘူး။ နောက်ပြီးတော့ အားကောင်းကောင်းနဲ့ ကျနော်တို့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကို ကျနော်တို့က ရည်ရွယ်ပြီး မွန်ပြည်နယ်မှာ နောက်ဆုံး ဘယ်လိုဖြစ်ဖြစ် ‘မွန်တော်လှန်ရေးတပ် တခုတည်းရှိရမယ်’ ဆိုတဲ့ မူဝါဒကို ကျနော်တို့ တပ်ဖွဲ့လေးခု ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။”
မွန်ပြည်သူတွေ ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဘုံရန်သူကို ချေမှုန်းနိုင်ဖို့ ရည်ရွယ်တယ်လို့ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“တကွဲတပြားစီ သီးခြားစီ တိုက်ပွဲဝင်နေရင်တော့ ဘုံရန်တူကို ဘယ်တော့မှ အမြစ်ပြတ်ချေမှုန်းနိုင်မှာ မဟုတ်ဘူး။ ဒီတောင်ပိုင်းစစ်ဒေသမှာရှိတဲ့ မွန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ အဓိက လက်နက်ကိုင်တပ်ဖွဲ့တွေ အထူးသဖြင့် မွန်လက်နက်ကိုင်တပ်တွေ တစုတစည်းတည်း စုဖွဲ့ပြီးတော့ ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ပြီးတော့ တိုက်ပွဲဝင်နိုင်ရင်တော့ အောင်မြင်မှုက ပိုပြီးတော့ ပိုကောင်းလာမယ်။”
တကွဲတပြားဖြစ်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေ တစုတစည်းဖြစ်လာအောင် ပြီးခဲ့တဲ့ နှစ်ကလည်း ဆွေးနွေးမှုရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတခေါက်မှာ စည်းလုံးမှုရခဲ့တာနဲ့ပတ်သက်လို့ MSDF တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက ဆက် ပြောပါတယ်။
“အကြောင်းကြောင်းကြောင့် ပေါ်ပေါက်လာခဲ့တဲ့ မွန်လက်နက်ကိုင်တပ်တွေ ရှိလာတာနဲ့အမျှ မွန် ပြည်သူလူထုကလည်း မွန်လက်နက်ကိုင်တပ်တွေ အားလုံးတစုတစည်းဖြစ်အောင်ဆိုပြီးတော့ ဆန္ဒပြောပြတာတို့ တိုက်တွန်းတာတို့လည်း ရှိလာခဲ့တယ်။ ခြုံပြီးပြောရရင်တော့ အခုမျက်မှောက် ပေါ်ပေါက်နေတဲ့ စစ်ရေးနိုင်ငံရေး အခြေအနေရဲ့ တောင်းဆိုမှုကြောင့်ရယ်၊ နောက်ပြီးတော့ မိမိတို့ မွန်ပြည်တွင်း ပြည်ပမှာရှိနေတဲ့ မွန်ပြည်သူတွေရဲ့ တောင်းဆိုချက်အရပေါ့နော်။ ဒါကြောင့်ပဲ ဒီလိုမျိုး ပူးပေါင်းဖို့ ကြိုးစားပြီးတော့ ဆွေးနွေး သဘောတူညီချက်ရရှိခဲ့တာပါ။”
လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) ၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ကာကွယ်ရေးတပ်တွေ ဖြစ်ပါတယ်။
Forum