မြန်မာအပါအဝင် ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွမ်၊ ဆီးရီယား၊ ရုရှား၊ ယူကရိန်းတို့မှာ ငြိမ်းချမ်းစေဖို့ ပြင်သစ်နိုင်ငံ Corsica ကျွန်းကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့ ဆုမွန်တောင်းပါတယ်။
ဘယ်လိုဖြစ်ပါစေ စစ်ဆိုတာ ရှုံးနိမ့်မှုပါပဲလို့ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ပြင်သစ်စစ်သူကြီးနပိုလီယံရဲ့ မွေးရပ်မြေဖြစ်တဲ့ Corsica ကျွန်းက Ajaccio မြို့တော်ကို ပထမဆုံးအကြိမ်ရောက်ရှိတာဖြစ်ပြီး၊ သူ့ကိုတော့ Ajaccio မြို့က ဘုန်းတော်ကြီး Cardinal Francois-Xavier Bustillo နဲ့အတူ လူပရိသတ် ၄၀၀ လောက် စုဝေးကြိုဆိုခဲ့ကြပါတယ်။
Corsica ကျွန်းကို မသွားခင် လေဆိပ်တခုမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ပြင်သစ် သမ္မတ Emmanuel Macron နဲ့ တွေဆုံပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မှာ မကြာခင်က ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ Nortre Dame ဘုရားကျောင်းနဲ့ပတ်သက်လို့ စာအုပ်နှစ်အုပ်အုပ်ကို ပြင်သစ်သမ္မတက ပုပ်ရဟန်းမင်းကို လက်ဆောင်ပေးပါတယ်။
ပုပ်ရဟန်းမင်းကြီးနဲ့ ပြင်သစ်သမ္မတတို့ဟာ အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲ၊ ယူကရိန်းစစ်ပွဲ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဥတုရာသီကိစ္စရပ် စတဲ့ ကမ္ဘာ့အကျပ်အတည်းအခြေအနေတွေကို ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။
Forum