မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး ဆွေးနွေးဖြေရှင်းကြဖို့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။ ရေရှည်တည်မြဲမယ့်ငြိမ်းချမ်းရေးရဖို့ ရိုးရိုးသားသားနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ကြဖို့ ပုပ်ရဟန်းမင်းကြီးကတိုက်တွန်းလိုက်ကြောင်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ထားတဲ့ ၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ် ကနေ တိုင်းပြည်လွတ်လပ်ရေးနဲ့ ဒီကနေ့အချိန်မှာရရှိဖို့ကြိုးပမ်းနေရတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အတွက် လမ်းကြောင်းပေါ်ရောက်ခဲ့ဖူးတာကိုလည်း ပုပ်ရဟန်းမင်းကြီးက ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေရသူတွေအထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေလို ထိလွယ်ရှလွယ် လူပုဂ္ဂိုလ်တွေ၊ ဒုက္ခသည်တွေနဲ့ရိုဟင်ဂျာတွေအတွက် စာနာကြောင်းလည်း ပြောပါတယ်။
မြန်မာပြက္ခဒိန်အရ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ဒီကနေ့ ကျရောက်တဲ့ အမျိုးသား အောင်ပွဲနေ့အဖြစ်မြန်မာနိုင်ငံ ဒေသတချို့မှာ တက်ကြွလှုပ်ရှားသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှု တချို့လည်း ရှိခဲ့တာပါ။ မြန်မာစစ်ကောင်စီအကြီးအကဲရဲ့ အမျိုးသားနေ့ သဝဏ်လွှာမှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပညာရေးမှာထိခိုက်မှုတွေကြုံနေရတဲ့အပေါ် အတိုက်အခံ လက်နက်ကိုင် အဖွဲ့အစည်းတွေကို အပြစ်ဖို့ ထားပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကတော့ အမျိုးသားနေ့ လှုပ်ရှားမှု စတင်ခဲ့တဲ့ ဖြစ်ရပ်ဟာ တော်လှန်ရေးနိုးကြားမှုနဲ့ အသိရှိဖို့ တိုက်တွန်းခဲ့တာပါ။ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ သံရုံးတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပြီး ဥရောပသမဂ္ဂ (EU) ကတော့ မြန်မာပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ခံနိုင်ရည်ရှိမှုကို ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။
Forum