သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထွေထွေသပိတ်ကြောင့် ပါရီမြို့လုပ်ငန်းတွေရပ်ဆိုင်း


(Zawgyi/Unicode)

ပြင်သစ်နိုင်ငံမှာ ပင်စင်ခံစားခွင့်စနစ် တခုလုံးကို ပြင်ဆင်မယ့် သမ္မတ Emmanuel Macron ရဲ့အစီအစဉ်တွေအပေါ် မကျေနပ်လို့ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ လုပ်နေကြတဲ့အတွက် ပါရီမြို့တော်ကြီး တခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းနေပါတယ်။

ဆရာများသမဂ္ဂ၊ ကုန်တင်ကားမောင်းသူများသမဂ္ဂ စတဲ့ အလုပ်သမားသမဂ္ဂအစုံက သမဂ္ဂဝင်တွေဟာ အလုပ်ခွင်ကနေ မြို့တော်လမ်းတွေပေါ်ထွက်ပြီး ချီတက်ဆန္ဒပြနေကြပါတယ်။

ဆန္ဒပြသူတွေ ချီတက်တဲ့လမ်းကြောင်းပေါ်မှာရှိတဲ့ ဈေးဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ စားသောက်ဆိုင်တွေအားလုံးကို ပိတ်ထားကြဖို့ ရဲက အမိန့်ထုတ်ထားသလို၊ သမ္မတအိမ်တော်ရှိရာနေရာ တဝိုက်ကိုလည်း အတားအဆီးတွေ လုပ်ထားကြပါတယ်။

ပင်စင်ယူနိုင်တဲ့အသက်ကို ၆၂ နှစ်လို့သတ်မှတ်ထားတဲ့ ပြင်သစ်နိုင်ငံမှာ သမ္မတ Macron က အလုပ်သမားတွေ အလုပ်လုပ်တဲ့ ရက်တိုင်းအမှတ်ပေးပြီး အဲဒီအမှတ်တွေကို ပင်စင်ခံစားခွင့်အဖြစ်နဲ့ ပြောင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အလုပ်အမျိုးအစားပေါ်လိုက်ပြီး ပင်စင်ခံစားနိုင်ခွင့် ပမာဏမတူတဲ့ လက်ရှိစနစ်ကို ပြောင်းဖို့ကြိုးစားတာပါ။ လက်ရှိမှာ အလုပ်အကိုင်နဲ့ ဒေသပေါ်မူတည်ပြီး ပင်စင်အမျိုးအစား ၄၂ မျိုးဖြစ်နေတာကြောင့် ပင်စင်အမျိုးအစား၊ ပင်စင်စုငွေနဲ့ ခံစားနိုင်ခွင့်ကွဲပြားနေပါတယ်။

လက်ရှိစနစ်ဟာ တန်းတူညီမျှခံစားခွင့် မရှိသလို ရှုပ်ထွေး၊ အကုန်အကျများတယ်လို့ သမ္မတ Macron ကပြောပြီး ပြင်ဆင်ဖို့ ကြိုးစားနေတာပါ။ ပြုပြင်ပြောင်းလဲမယ့် အစီအစဉ်ကိုကန့်ကွက်တဲ့အနေနဲ့ တနိုင်ငံလုံး သပိတ်မှောက်ဆန္ဒပြနေကြတာပါ။

ပါရီမြို့တော်ထဲမှာ ပြေးဆွဲနေတဲ့ မြေအောက်ရထားစနစ်တခုလုံးနီးပါးကို ရပ်နားထားသလို အမြန်ရထားလိုင်း ၁၀ လိုင်းမှာ ၁ လိုင်းပဲ ပြေးဆွဲတဲ့အတွက် ပြည်တွင်း ပြည်ပ ခရီးစဉ်တွေ ထိခိုက်နေပါတယ်။

လေကြောင်းပျံသန်းမှု ထိန်းချုပ်သူတွေလည်း သပိတ်မှောက်နေကြတဲ့အတွက် ပါရီမြို့တော် အဝင်အထွက် လေယာဉ်ခရီး ၂၀ ရာခိုင်နှုန်း ထက်မနည်း ဖျက်ထားရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG