သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ငါးလုပ်ငန်း ဈေးကွက် အပြောင်းအလဲ


ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီးနောက် အကူးအပြောင်း ကာလက အခု ဒီဇင်ဘာ လကုန်တာနဲ့ ကုန်ဆုံးမှာပါ။ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ပြီး နောက်ပိုင်းမှာ ဥရောပ နိုင်ငံတွေရဲ့ ငါးဖမ်း လုပ်ငန်း ကဏ္ဍမှာ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ ရှိနေပါတယ်။ ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

ဗြိတိန်နဲ့ ပြင်သစ် ရေပိုင်နက်ကြားမှာ ပြီးခဲ့တဲ့ ၂ ရက် အတွင်း Margolle ညီအကိုတွေ အသွားအပြန် ငါးဖမ်း ပိုက်ဆွဲခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို လုပ်ခွင့်ရဖို့က ရေရှည်မှာ သိပ် မသေချာတော့ပါဘူး။ ပြင်သစ်ရဲ့ ငါးဖမ်းသဘောၤတွေ ဆိုက်ကပ်ရာနဲ့ ငါး သန့်စင် ထုပ်ပိုးရာ အလုပ်အများဆုံး Boulogne-sur-Mer ဆိပ်ကမ်းမှာ Nicolas, Jeremy နဲ့ Vincent တို့ အခြေစိုက် အလုပ်လုပ်နေတာပါ။

ဗြိတိန် ရေပြင်ကနေ ဖမ်းမိတဲ့ ငါး ပမာဏဟာ သူတို့ရဲ့ နှစ်စဉ် ဝင်ငွေရဲ့ ထက်ဝက်ရှိပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဗြိတိန်က ဥရောပသမဂ္ဂကန ထွက်ခွာချိန်မှာ ဗြိတိန် ရေပိုင်နက် အတွင်း ဥရောပ ငါးဖမ်းသမားတွေ အရင်လို ဝင်ရောက်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ပြင်သစ်က ပင်လယ် ငါးဖမ်းသမား Nicolas Margolle ကတော့ ရှေ့လာမယ့် အပြောင်းအလဲကို သူတို့ ငါးဖမ်းသမားတွေ အကြိုက်တော့ မဟုတ်ဘူးလို့ ပြောပါတယ်။

" ဘာဘဲ ဖြစ်ဖြစ် ဘယ် တံငါသည်မှ အကျိုးရှိမှာ မဟုတ်ပါဘူး။ ဗြိတိန် တံငါသည်တွေလည်း ကျေနပ်ကြမှာ မဟုတ်သလို ပြင်သစ် တံငါသည်တွေလည်း ကျေနပ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ "

ဘယ်လို သဘောတူညီချက် မျိုး မဆို သက်ရောက် ကျင့်သုံးလာချိန်မှာ နယ်စပ်တွေကို ထိန်းချုပ် ကန့်သတ်မှု စည်းမျဉ်းသစ်တွေ ထွက်လာမှာကြောင့် ဗြိတိန်နဲ့ ဥရောပ ဈေးကွက်ကြား ကုန်စည် စီးဆင်းမှု ရှုပ်ထွေး သွားစေနိုင်တာကြောင့် ဗြိတိန် ငါးဖမ်းသမားတွေလည်း အကျိုးယုတ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။

ဗြိတိန် ရေပိုင်နက်ကို ပြန်လည် ထိန်းချုပ်ရေးက ဥရောပထဲကနေ ဗြိတိန် နုတ်ထွက်ရေး စည်းရုံးလှုပ်ရှားသူတွေရဲ့ အဓိက ရည်မှန်းချက်ကြီး ဖြစ်ပါတယ်။ ပြင်သစ်ဘက်ကတော့ ဒီအချက်က ပြင်သစ် ငါးဖမ်းသမားတွေရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပြီး သဘောတူညီချက် မကြိုက်ရင် ဗီတိုသုံး ပယ်ချဖို့ အဆင်သင့်ဘဲလို့ ပြောဆိုထားတာပါ။

ဗြိတိန် ရေပိုင်နက်ထဲမှာ ဘယ်လောက် ဝင်ရောက်ခွင့် ရမလဲ ဆိုတာနဲ့ ငါး ပမာဏ ဘယ်လောက်ထိ ဖမ်းခွင့် ရမလဲ ဆိုတာက အခု ဥရောပ သမဂ္ဂနဲ့ ဗြိတိန်ကြား ညှိဖို့ ခက်နေတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ သဘောတူညီချက် တခု ရရင်တော့ ဗြိတိန် ရေပိုင်နက်မှာ ငါးဖမ်းခွင့် လျော့သွားမှာ ဖြစ်ပြီး သဘောတူညီချက် မရဘူးဆိုရင်တော့ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သဘောၤတွေ ဗြိတိန် ရေပိုင်နက်ကို လုံး၀ ဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ အဲဒီ အချိန်ရောက်ရင် ပြင်သစ် ရေပြင်မှာ အားလုံး ရောက်လာကြမယ်လို့ ပြောသူကတော့ ပြင်သစ် ငါးဖမ်းသမား တဦး ဖြစ်တဲ့ Mathieu Pinto ပါ။

" ဥရောပ နိုင်ငံ တခုချင်းစီက မော်တော်ဘုတ်တွေလည်း ဒီမှာလာပြီး ကျနော်တို့လို ငါးဖမ်းကြပါမယ်။ ပြင်သစ် တနေရာတည်းမှာ ဆိုရင်တော့ အဆင်မပြေပါဘူး။ ပြသနာ တက်မှာပါ။ ရှင်းရှင်းပြောရရင် ပြသနာ တက်မှာပါ။"

ဒီလို စိုးရိမ်နေသူက သူ တဦးတည်းတော့ မဟုတ်ပါဘူး။ ပြင်သစ်က ငါးဖမ်းသမားတွေကြားမှာလည်း အလားတူ စိုးရိမ်နေကြတာပါ။

"သဘောတူညီချက် မရဘူးဆိုရင်တော့ အခြေအနေတွေ ရှုပ်ကုန်ပါမယ်။ ဥရောပ သဘောၤတွေကို ဗြိတိန် ရေပိုင်နက်ထဲမှာ လက်ခံတော့မှာ မဟုတ်ပါဘူး။ အဲဒီ အခါမှာ ပြင်သစ် ရေလက်ကြားထဲမှာဘဲ ရှာကြရပါမယ်။ ဘယ်လ်ဂျီယံ၊ ဒတ်ချ်၊ ပြင်သစ် အားလုံးပါ။ တခြား လုပ်ငန်းတွေလည်း အဲဒီမှာဘဲ ရောက်လာမှာဖြစ်ပြီး အားလုံး အခက်အခဲတွေ တွေ့ကြမှာပါ။ ဆွဲပိုက်ချ သဘောၤတွေ၊ ဂဏန်းဖမ်းသူတွေ အားလုံးလည်း လုပ်ကွက် လုံလုံလောက်လောက် မရနိုင်ပါဘူး။ ဒါနဲ့ဘဲ ရေသယံဇာတလည်း ကုန်ခမ်းသွားပါလိမ့်မယ်။ "

ပင်လယ်ငါးဖမ်းသမား Nicolas Margolle ပြောသွားတာပါ။ ဗြိတိန်ရဲ့ ငါးဖမ်း လုပ်ကွက်တွေက အရှေ့မြောက်ပိုင်း အတ္တလန္တိတ်ဇုံမှာ အကြွယ်ဝဆုံး ဖြစ်ပြီး ဥရောပ ငါးဖမ်းပိုက်ဆွဲ သမားတွေ အများဆုံး ဖမ်းယူရာလည်း ဖြစ်ပါတယ်။ လက်ရှိ စည်းမျဉ်း အရ ဥရောပက ငါးဖမ်းလှေတွေ အနေနဲ့ ဗြိတိန် ကမ်းရိုးတန်းနဲ့ ရေမိုင် ၆ မိုင်လောက် အကွာထိ ဝင်ရောက်နိုင်ပေမယ့်လည်း လာမယ့်နှစ် စီးပွားရေးဇုံကနေ ဗြိတိန်တို့ နုတ်ထွက်ချိန်မှာတော့ ဗြိတိန်ကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀ လောက် အထိ ဥရောပ ငါးဖမ်း လှေတွေ သဘောၤတွေ ကပ်ခွင့် ရတော့မှာ မဟုတ်ပါဘူး။

ဒီအရေးက ဥရောပက ငါးဖမ်းသမားတွေတင် အခက်တွေ့မှာ မဟုတ်ပါဘူး။ သဘောတူညီချက်သာ မရဘူးဆိုရင် ငါးလုပ်ငန်းကို အားထားတဲ့ ကမ်းရိုးတန်း တလျှောက်က ဥရောပ နိုင်ငံတွေရဲ့ ငါးသန့်စင် ထုပ်ပိုးတဲ့ အလုပ်ရုံတွေနဲ့ ငါလေလံတွေ၊ ဆိပ်ကမ်းတွေက ထောင်ချီ ရှိတဲ့ အလုပ်အကိုင်တွေ အတွက် မရေရာ မသေချာမှု ဖြစ်စေပါတယ်။ စားသုံးသူတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမှာပါ။
Tom Premereur က ဘယ်လ်ဂျီယံ နိုင်ငံ Ostend မြို့ Vlaamse Visveilingen ငါးလေလံဈေးရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံက ဖမ်းနေတဲ့ ငါးပမာဏရဲ့ ၅၄ ရာခိုင်နှုန်းက ဗြိတိန် ရေပိုင်နက် အတွင်းက ဖြစ်တယ်လို့သူက ပြောပါတယ်။ စားသုံးသူတွေ အပေါ်လည်း သက်ရောက်မှု ရှိမယ်လို့ သူက ပြောပါတယ်။

" Bristol ရေလက်ကြားမှာ ဖမ်းစဉ်ကလို ဈေးကောင်းရတဲ့ ငါးတွေ ဖမ်းဆီးရမိမှု လျော့နည်းသွားမှာပါ။ အဲဒါကိုသာ လက်လွှတ်လိုက်ရရင် ပြသနာ တက်ပါမယ်။ ဘယ်လ်ဂျီယံ ဈေးကွက်ကို ငါးခွေးလျှာ တင်ပို့မှု လျော့သွားပါမယ်။ အဲလို ဖြစ်ရင် ငါးခွေးလျှာ ဈေးက တက်သွားပြီး စားသုံးသူတွေ အတွက် ဈေးကြီး သွားပါလိမ့်မယ်။ "

ဗြိတိန် ရေပြင်ကို ဝင်ခွင့် မရတော့ဘူးဆိုရင် ပြင်သစ် နည်းတူဘဲ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်နဲ့ ဒိန်းမတ်တို့လည်း တိုက်ရိုက် သက်ရောက်နိုင်ခြေ ရှိပါတယ်။ EU နဲ့ ဗြိတိန်ကြား ငါးဖမ်းဆီးရေး အပြန်အလှန် ရေပြင် ဝင်ထွက်ခွင့် ၁၂ လကြာ ထားဖို့ EU ဘက်က ကမ်းလှမ်းထားပေမယ့်လည်း ဗြိတိန်ဘက်ကတော့ လက်မခံနိုင်ဘူးဆိုတဲ့ သဘောမျိုး ပြောထားပါတယ်။

ဗြိတိန် ရေပိုင်နက်မှာ ဗြိတိန် ငါးဖမ်းသမားတွေချည်း ဖမ်းယူခွင့် ရမယ်ဆိုရင်လည်း ဥရောပ ဈေးကွက်ကို တင်ပို့နိုင်ရေးက အခက်အခဲ ဖြစ်လာမှာပါ။ ဗြိတိန်မှာ လက်ရှိ ဖမ်းဆီးတဲ့ ငါး ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းလောက်က တင်ပို့ကုန် ဖြစ်ပြီး ၄ ပုံ သုံးပုံက ဥရောပ ဈေးကွက်ကို သွားတာပါ။ တကယ်လို့ ဥရောပ ဈေးကွက်က ပိတ်လိုက်မယ်ဆိုရင် ဗြိတိန်ရဲ့ ရေထွက်ကုန် တင်ပို့မှု အတွက် အခက်အခဲ တွေ့နိုင်ပါတယ်။ ပြင်သစ်က Margolle ညီအကိုတွေ ကတော့ မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ ငါးဖမ်း လုပ်ငန်း အနာဂတ် အတွက် စိုးရိမ်နေကြပါတယ်။

" ငါးဖမ်းတဲ့ အလုပ်က မိသားစုတွင်း မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း လာတာပါ။ ကျနော့် အဘေး၊ ကျနော့် အဘိုး၊ အမေ့ဘက်ကရော အဖေ့ဘက်ကရော အားလုံး ကျနော်တို့က ပင်လယ် ငါးဖမ်းသမားတွေပါ။ အစဉ်အလာကို ဆက်ပြီး ထိန်းနိုင်အောင် ကြိုးစားနေပေမယ့် ခက်ခဲ လာနေပါတယ်။ "

Nicolas Margolle ပြောပြသွားတာပါ။ ရှေ့လာမယ့် ကာလတွေမှာ ဘဏ်ချေးငွေ ဆပ်နိုင်ပါ့မလားဆိုတာလည်း မသေချာဘူး ဖြစ်နေပါတယ်။ ပိုပြီး ကောင်းတဲ့ ဆွဲပိုက်ချ သဘောၤ ဝယ်မယ့် စိတ်ကူးလည်း အခုတော့ လွင့်ပျယ်သွားပါပြီ။

တိုက်ရိုက် လင့်ခ်

(Unicode)


















XS
SM
MD
LG