သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ရောင်ခြည်ယိုစိမ့်ခဲ့တဲ့ ဖူကူရှီးမားက ဒေသတချို့ ပြန်ဖွင့်


ဂျပန်နိုင်ငံရှိ နျူကလီးယားစက်ရုံ
ဂျပန်နိုင်ငံရှိ နျူကလီးယားစက်ရုံ

(Zawgyi/Unicode)

ဓါတ်ရောင်ခြည် ယိုစိမ့်မှု ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံက Fukushima နျူကလီးယားစက်ရုံအနီး ဖြတ်သန်းသွားလာ နေထိုင်ခွင့် ပိတ်ပင်ထားတဲ့ Futaba မြို့ရဲ့ နေရာဒေသတချို့ကို ဗုဒ္ဓဟူးနေ့က ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် တိုကျိုနွေရာသီ အိုလံပစ် မီးရှူးတိုင်လှည့်လည် သယ်ဆောင်ရာလမ်းကြောင်းမှာ Futaba မြို့ကို ထည့်သွင်း အပြီး အခုလို ဖွင့်လှစ်ပေးလိုက်တာပါ။

ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က လှုပ်ခဲ့တဲ့ငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီလှိုင်းရိုက်ခတ်ခဲ့အပြီး Fukushima လျှပ်စစ်ဓါတ်အားပေး နျူကလီးယား စက်ရုံက ဓါတ်ရောင်ခြည်တွေ ယိုစိမ့်ခဲ့တာကြောင့် အရင်က လူပေါင်း ၇,၀၀၀ ဝန်းကျင်နေထိုင်ခဲ့တဲ့ Futaba မြို့က ဒေသခံတွေဟာ ဘေးလွတ်ရာ အရပ်ကို မဖြစ်မနေ ရွှေ့ပြောင်းခဲ့ရတာပါ။

အခုလို Futaba မြို့ရဲ့ မြောက်ပိုင်းဒေသကို ဖြတ်သန်းသွားလာနေထိုင်ခွင့် ပြန်လည်ပေးအပ်ခဲ့တာကြောင့် အလုပ်သမားတွေဟာ မြို့ရဲ့ ဗဟို မီးရထား ဘူတာရုံမှာ စခန်းချ နေနိုင်ပြီဖြစ်ပေမဲ့ ရေနဲ့ တခြား အခြေခံ အဆောက်အအုံဆိုင်ရာ လိုအပ်ချက်တွေရှိလို့ မြို့ခံလူတွေအနေနဲ့ကတော့ ချက်ချင်း ပြန်လာနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ၂၀၂၂ ခုနှစ်၊ နွေဦးရာသီ အရောက်မှာမှ မြို့ခံလူတွေ ပြန်လာနိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို ဒီ လမ်းကြောင်းအတိုင်း သယ်ယူပြီး ငလျင်နဲ့ ဆူနာမီဒဏ်ကနေ နာလန်ထူလာတဲ့ ဒေသတွေနဲ့ နွေရာသီအိုလံပစ်တို့အကြား တသွေးတသားတည်းရှိတာကို ပြသချင်တာလို့လည်း တိုကျိုအိုလံပစ် ဦးဆောင်ကျင်းပသူတွေက ပြောပါတယ်။

ဂျပန်အစိုးရဟာ Fukushima ဒေသ ပြန်လည် နာလန်ထူလာတာကို နွေရာသီ အိုလံပစ် ကျင်းပစဉ်အတွင်း အထူးတလည် ပြသဖို့ ဆန္ဒပြင်းပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG