သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သိပ္ပွံနည်းပညာ ၂၀၁၈ သုံးသပ်ချက် (အပိုင်း ၂)


Grain moisture content testing to Standartized in NIMM- Myanmar (Photo Credit - Dr. Myo Aung Kyaw)
Grain moisture content testing to Standartized in NIMM- Myanmar (Photo Credit - Dr. Myo Aung Kyaw)

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍမှာ ဘယ်လိုအခြေခံကောင်းတွေ လမ်းပွင့်လာတယ်၊ အနာဂတ်အတွက် ဘာတွေလိုအပ်နေတယ် ဆိုတာတွေ နဲ့ ပတ်သက်ပြီး ဂျပန် အဏ္ဏဝါ ဘူမိ သိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူရဲ့ အမြင် ဒုတိယပိုင်းကို တင်ပြပေးပါရစေ။

တိုက်ရိုက် လင့်ခ်

ဒေါက်တာမိုးကျော်သူ။ ။ “ကျနော်ကျွမ်းကျင်တဲ့ ဘူမိသိပ္ပံ Geoscience နဲ့ အဏ္ဏဝါ ဘူမိသိပ္ပံ Marine Geoscience အပိုင်းတွေကို ပြောရမယ်ဆိုရင်၊ ဘူမိဗေဒ ဓါတ်သတ္တု ရှာဖွေလေ့လာရေးနဲ့ ပတ်သက်တဲ့ သုတေသန ဆိုတာမှာ ဓါတ်ခွဲဖို့က အရမ်းကို အရေးကြီးပါတယ်။ ကျန်ခဲ့တဲ့ ၄ - ၅ နှစ်လောက် အထိက ပြည်ပကို အကုန်ပို့ပြီးတော့ ဓါတ်ခွဲရတယ်။ ဆိုတဲ့ အပိုင်းမှာ စိတ်မချရတဲ့ အပိုင်းတွေ ပေါ့နော်။ ကျနော်တို့ ကျန်းမာရေးဆေးစစ်သလိုပဲပေါ့။ ကိုယ့်ရဲ့ သွေးကို စစ်လိုက်တဲ့ အချိန်မှာ ကိုယ့်သွေးအတွက် ဓါတ်ခွဲတဲ့ ဥစ္စာက တကယ်ပဲ မှန်ရဲ့လား၊ တကယ်ပဲ အသေချာ စစ်ပေးရဲ့ လား ဆိုတာကို ကြည့်လို့ မရတဲ့ အခြေနေမျိုး ဖြစ်လာတာပေါ့၊ ပြည်ပကို ပို့တယ် ဆိုရင်က။

အခုတော့ အဲလိုဟာမျိုးတွေ မဟုတ်ပဲနဲ့ ကိုယ့်ရဲ့မျက်စိရှေ့မှာ ကိုယ်ကိုယ်တိုင်တောင်မှ အတူဝင်ပါပြီးတော့ ရန်ကုန်မြို့မှာ ရှိတဲ့ ဓါတ်ခွဲခန်းမှာ ကမ္ဘာ့အဆင့်ရှိတဲ့ ဓါတ်ခွဲတဲ့ဟာတွေ လုပ်လို့ ရတယ် ဆိုတော့ သုတေသနမှာ ဘယ်လို မြင့်လာသလဲ ဆိုရင် ဒေါက်တာဘွဲ့ယူတဲ့လူတွေအတွက် ရလဒ်တွေက အရမ်းကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဖြစ်လာတယ်။ ကုမ္ပဏီတွေက ဓါတ်ခွဲလို့ ရတဲ့ အတွက်ကြောင့် မို့လို့ ကုမ္ပဏီတွေရဲ့ ထုတ်လုပ်တဲ့ ပစ္စည်းတွေမှာ ဓါတ်ခွဲတဲ့ အရည်အသွေး quality အတွက် ထောက်ခံစာကို တိတိကျကျ ထုတ်ပေးနိုင်တဲ့ အတွက်ကြောင့် ပြည်ပကို ပို့ပြီး ဈေးရောင်းတဲ့ ဟာပဲဖြစ်ဖြစ် ပြည်တွင်းမှာ ရောင်းချတဲ့ နေရာမှာပဲ ဖြစ်ဖြစ် သူတို့အတွက်က တိတိကျကျ အမြန်ဆုံး ထုတ်ပြီးတော့လုပ်နိုင်တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ တိုးတက်ပြီး အရမ်းကို မြန်လာပါတယ်။

ဒါက စကေးအသေးပါ။ စကေးအကြီး ပြောရရင်တော့ တကယ့်ကို နိုင်ငံတော် တည်ဆောက်ရေး ဆိုတဲ့ လုပ်ငန်းကြီးတွေ လုပ်နေတာ အထူးသဖြင့် ရေနံရှာဖွေရေး လုပ်ငန်းတွေနဲ့ ပတ်သက်နေတဲ့ ဟာတွေမှာ အရမ်းကို အရေးကြီးတဲ့ သူတို့ရဲ့ ရေနံရဲ့ ဓါတ်သတ္တု ပမာဏကို ပြည်ပကို ပို့ပြီး ဓါတ်ခွဲမယ် ဆိုရင် လပေါင်းများစွာ ကြာမယ်၊ ငွေအရမ်းကုန်မယ့်ဥစ္စာ အားလုံးဟာ ဆိုရင် ရန်ကုန်မှာ တော်တော်များများ လေးကိုလုပ်နိုင်တဲ့ အဆင့်တွေ ရှိလာပြီ။ ဆိုတော့ လိုအပ်တဲ့ အပိုင်းလေး တွေကိုတော့ ကျနော်တို့နဲ့ ညှိပြီးတော့ အတူတွဲပြီးတော့ လိုအပ်တဲ့ဟာလေးတွေကို နိုင်ငံတော် ဘတ်ဂျက်က အဆင်ပြေရင် ပြေသလိုမျိုး ဖြည့်ဖြည့်ပြီးတော့ တိုးချဲ့တဲ့ဟာမျိုးလဲ လုပ်လာပါပြီ။”

အစိုးရပံ့ပိုးမှုနဲ့ ကမ္ဘာ့အဆင့်မှီ ဓါတ်ခွဲခန်းတွေရှိလာသလို ပြည်ပက ပူးတွဲလုပ်ဆောင်မှုတွေ၊ ပံ့ပိုးမှုတွေလည်း ရလာတာပါ။

ဒေါက်တာမိုးကျော်သူ။ ။“ဓါတ်သတ္တုရှာဖွေရေး ဆိုတဲ့ အပိုင်းက ပြည်ပကုမ္ပဏီနဲ့ ပူးတွဲ လုပ်တဲ့ အတွက်ကြောင့် ဒီလို joint venture မှာ ပြည်ပကုမ္ပဏီရဲ့ ရင်းနှီးမြှပ်နှံမှုတွေ၊ နည်းပညာတွေ ပါလာတယ် ဆိုရင်က ပြည်တွင်းက လူတွေက ပြည်တွင်းမှာပဲ ပညာယူလို့ရပေမယ့်၊ ဒီ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဆိုတဲ့ ကိစ္စကျတော့ ရေရှည်အတွက်ကို ပြင်ဆင် ရတာတွေရယ်၊ ပြည်ပက အရင်းအနှီး ဆိုတဲ့ကိစ္စကလည်း တော်တော်နဲ့ကို ချက်ချင်း မြန်မြန်ဆန်ဆန် ရောက်မလာနိုင်တဲ့ အပိုင်းတွေ ရှိတယ်။ ဆိုတော့ အဲဒီအပိုင်းတွေမှာ တော်တော်လေးကို ဂရုစိုက်ပြီးတော့ လုပ်ဖြစ်တာ များပါတယ်။

အထူးသဖြင့်ကတော့ ငလျင်ပါ။ ငလျင်နဲ့ မြေပြိုတဲ့ ကိစ္စတွေပါ။ ငလျင်ကတော့ တကယ့်ကို နှစ်ပေါင်းများစွာ ကြာနေပြီ။ ကျနော်တို့လည်း သိနေတဲ့ ကိစ္စဖြစ်နေတဲ့ အတွက်ကြောင့်မို့ အထူးသဖြင့် ဆိုရင် ဂျပန်နိုင်ငံရဲ့ JICA နဲ့ နောက်ပြီးတော့ ဂျပန်ရဲ့ သိပ္ပံနဲ့နည်းပညာရဲ့ အကူအညီနဲ့ဆို mega project လို့ခေါ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ၅ နှစ်မှာ ဒေါ်လာ ၅ သန်း ရတဲ့အတွက် ပရိုဂျက် တခုက ရန်ကုန်နည်းပညာတက္ကသိုလ် YTU နဲ့ တက္ကသိုလ် အဖွဲ့အစည်း အများစုနဲ့ ပေါင်းပြီးလုပ်တာ အခုဆိုရင် နောက်ဆုံး နှစ်ထဲကို ရောက်နေပါပြီ။

အဲဒါအပြင်ကို National Science Foundation ဆိုရင် အမေရိကန်ရဲ့ ထောက်ပံ့ကြေးနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ဆိုပြီးတော့ အနောက်ဖက်ကနေ အရှေ့ဘက်အထိ တကြောကြီးကို ဆိုက်စမိုမီတာတွေကို စံနစ်တကျ ကီလိုမီတာ အကွာအဝေး အတိအကျ ထားပြီးတော့ တောက်လျှောက် ၅ နှစ်လောက်အထိ ကျနော်တို့ တိုင်းတာတဲ့ဟာ စံနစ် system ကလည်း အခုဆိုရင် ပြီးသလောက် ဖြစ်တာ ဆိုတော့ ဒေတာ အချက်အလက်တွေက အများကြီး ဝင်လာတော့မှာပါ။ အဲဒီ မတိုင်ခင်မှာလဲပဲ ဒီ စင်္ကာပူ၊ တရုတ်နိုင်ငံ တခြားနိုင်ငံ ဂျာမဏီ ရဲ့ အကူအညီတွေနဲ့ မိုးလေဝဿနဲ့ ဇလဗေဒ ဦးစီးဌာနမှာ ငလျင်တိုင်းတာတဲ့ စက်တွေ အများကြီးပဲ တပ်ထားတဲ့ ဥစ္စာတွေလည်း ရှိပါတယ်။

နောက်တခုက မိုးလေဝဿနဲ့ ပတ်သက်ပြီးတော့လည်း ရေဒါစတေရှင် ဆိုတာ အရမ်းကို အဆင့်မြင့်တဲ့ ရေဒါစတေရှင်ကြီး ၃ ခု ပေါ့နော်။ JICA ရဲ့ အကူအညီနဲ့ ရန်ကုန်မြို့ရယ်၊ စစ်တွေမြို့ရယ်၊ မန္တလေးမြိ့ရယ်၊ ၃ ခုမှာ ဆင်လိုက်တဲ့အတွက်ကြောင့် ဟို ကျနော်တို့ ၂၀၀၉ ခုနှစ်က ခံစားခဲ့ရတဲ့ နာဂစ်လို မုန်တိုင်းဟာမျိုး နောက်တခေါက် ဘယ်လိုမှ မဖြစ်နိုင်တော့အောင် အကာကွယ်ပေးနိုင် တော့မယ့် အခြေနေမျိုးတွေလည်း ကျနော်တို့ မြင်လာရပါပြီ။”

ဒီလိုမျိုး အခြေခံကောင်း ရလာတဲ့ အခါမှာ ၂၀၁၉ ကစပြီးတော့ သိပ္ပံနဲ့နည်းပညာ အတွက် အလားအလာ ဘယ်လိုရှိမလဲ ပြောပြပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။ ဟုတ်ကဲ့ပါ ခင်ဗျ။ အဲဒါကို ပြောမယ်ဆို၊ ပြန်ကြည့်ရင်ကတော့ ဒီမြန်မာ နိုင်ငံမှာ ဒီစစ်အုပ်ချုပ်ရေးကာလ တလျှောက်လုံးမှာ တကယ့်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြီးတော့ သိပ္ပံနဲ့နည်းပညာကို ဦးဆောင်ခဲ့တဲ့ အခန်းကဏ္ဍက ဒီ professional အဖွဲ့အစည်းတွေပါခင်ဗျ။ မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့၊ မြန်မာနိုင်ငံ ဘူမိဗေဒ၊ ကမ္ဘာမြေသုတေသနအဖွဲ့တို့၊ မြန်မာနိုင်ငံ ကျန်းမာရေးကောင်စီတို့၊ ကျန်းမာရေးအဖွဲ့တွေ ဒီအဖွဲ့အစည်းတွေ လှုပ်ရှားခဲ့ကြတဲ့ဥစ္စာ ကျနော်တို့ ဘယ်လိုမှ မေ့လို့ မရဘူးပေါ့နော်ခင်ဗျာ။

အဲဒီအဖွဲ့အစည်းက ကြည့်လိုက်မယ်ဆိုရင် စုစုပေါင်း ၁၆ ဖွဲ့တောင် ရှိတယ်။ အဲဒီ ၁၆ ဖွဲ့မှာ အဓိက theme တွေနဲ့ ခွဲမယ် ဆိုရင်က အင်ဂျင်နီယာရယ်၊ ဆေးရယ်၊ ကွန်ပြူတာ science ရယ် geo science ဆိုပြီး ၄ ခုက အဓိက၊ နောက်ပြီးတော့ ပတ်ဝန်းကျင်ပေါ့နော်၊ climate တွေ သစ်တောတွေနဲ့ ပတ်သက်တာ။ ဒီအဖွဲ့အစည်း ၄ ခုရဲ့ လှုပ်ရှားခဲ့တဲ့ ဟာတွေကလည်း ဟန်ချက်ညီညီပေါ့၊ အစိုးရ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြီးတော့ စက်မှု လုပ်ငန်း တွေရဲ့ ကြားထဲမှာ သူတို့ ဟန်ချက်ညီညီ ဝင်ပြီး ညှိပေးတယ်။ နောက်ပြီး မူဘောင်တွေ ထောက်ပံ့ပေးတယ်။ ဆိုတော့ ခုနပြောတဲ့ မူကြီး ၃ ခု ဖြစ်လာတယ်ဆိုတာက ဒီအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားခဲ့တဲ့ ဟာတွေက လည်း အများကြီးပါပါတယ် ခင်ဗျ။

ဆိုတော့ ဒီ ၂၀၁၉ ကို ဒီ့ရှေ့ကိုကြည့်မယ် ဆိုရင် ဒီ မူဘောင်တွေလည်း ပေါ်လာပြီ။ အောက်ခြေအထိ ဒီ သုတေသီတွေ အဆင့်အထိ မူဘောင်တွေကို နားလည်ပြီးပြီ ဆိုရင်တော့ နောက်တဆင့် ဆက်သွားရမယ့် ပိုပြီးတော့ မြင်လာရမယ့် ကိစ္စကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေရယ်၊ နောက်ပြီး ပြည်တွင်းမှာ ရှိတဲ့ အစိုးရ အဖွဲ့အစည်းနဲ့ သုတေသန လုပ်နေတဲ့ တက္ကသိုလ်တွေက သုတေသန သုတေသီတွေရဲ့ ကြားထဲက ဟန်ချက်ညီညီ တွဲပြီး လုပ်သွားတဲ့ ကိစ္စ၊ အဲဒီ အပိုင်းကတော့ ဘယ်လို ခေါ်မလဲ အများကြီး အားနဲနေတာ ရှိပါတယ်။ ကျနော်တို့ ဒီ မြန်မာလူမျိုးတွေရဲ့ အကျင့်စားရိုက်နဲ့ အခုအချိန်အထိ လုပ်လာခဲ့ဘူးတဲ့ အတွေ့အကြုံ အရလည်း ပါမှာပေါ့နော်။ ဆိုတော့ အဲဒီ အပိုင်းလေးတွေ ပြင်လာနိုင်မယ် ဆိုရင်က အများကြီး တိုးတက်လာနိုင်မှာပါ။”

မြန်မာနိုင်ငံမှာက သုတေသနတွေလည်း အများကြီး လုပ်ဖို့ လိုနေတယ်။ လေ့လာစရာ ဆန်းစစ်စရာတွေလည်း အများကြီး လိုနေတယ်။ အဲဒီထဲမှာ ကြုံနေရတဲ့ အခက်အခဲလေးတွေကို ထောက်ပြ ပေးပါ။

ဒေါက်တာမိုးကျော်သူ။ ။“မြန်မြန်ကြီး ဖြစ်စေချင်တာပေါ့နော်။ ကျနော်တို့ ပြည်ပကနေ ကြည့်နေသူ အတွက် ပြီးတော့ ပြည်တွင်းကလည်း အတော်များများ နားလည်နေကြတဲ့ အချက်တချက်ကတော့ သုတေသနနဲ့ သိပ္ပံနည်းပညာ တိုးတက်ဖို့အတွက် အထောက်အပံ့ပေးတဲ့ ကိစ္စတွေရယ်၊ နောက် ပြည်ပက နေပြီးတော့ အများကြီး အကူအညီတွေ ပေးနေတယ်၊ စကောလားရှစ်တွေ ခေါ်နေတယ်၊ fellowship တွေ ပေးနေတဲ့ အချိန်မှာ centralized ပေါ့နော်။ တိုးတက်တဲ့ နိုင်ငံတွေအားလုံးမှာ ရှိနေတဲ့ စံနစ်တခုပါ။ ဝန်ကြီးဌာနအလိုက် မဟုတ်ပဲနဲ့ အစိုးရရဲ့ အောက်မှာ တိုက်ရိုက် independent လွတ်လွတ်လပ်လပ် ပေါ့နော်၊ ပညာရှင်တွေက အုပ်ချုပ်ခွင့်ရှိတဲ့ ရွေးချယ်ခွင့်ရှိတဲ့ ဒီ centralized funding agency ကြီးတခုကို အမြန်ဆုံး ဖြစ်စေချင်တာပါ။

ဒါကတော့ လူကြီးတွေ အနေနဲ့လည်း ပြည်ထောင်စု အဆင့်မှာလည်း နားလည် ထားတယ်လို့ ထင်ပေမယ့် သူတို့လည်း ညှိရတာ ခက်တဲ့ အပိုင်းတွေ ရှိမယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ အခု ဖြစ်နေတာက ကိုယ့်ဝန်ကြီးဌာန တိုးတက်ဖို့ကို လုပ်မယ်။ တခြားဝန်ကြီးဌာန ဘယ်လိုပဲဖြစ်ဖြစ် ဆိုတဲ့ ပုံစံမျိုးက မဖြစ်သင့်တော့ဘူးလို့ ကျနော်မြင်ပါတယ်။ အဲဒီတော့ အားလုံးကို centralized လုပ် လိုက်မယ် ဆိုရင် သုတေသန လုပ်ချင်တဲ့သူ အားလုံး ဘယ်ဝန်ကြီးဌာနမှာပဲ ရှိရှိ၊ ဘယ်နေရာမှာ၊ ဘယ်ကုမ္ပဏီမှာပဲ ရှိရှိ ဝင်လျှောက်ခွင့် ရှိပြီးတော့မှ တကယ်ကို တော်တဲ့ လူတွေကို ရွေးချယ်ပြီးတော့ ပညာယူခွင့် ရမယ် ဆိုရင် ဒါဟာ နိုင်ငံအတွက်ကို ဆုံးရှုံးမှုတွေ အများကြီး နဲသွားမယ်။ ပြီးတော့ ဝန်ကြီးအဆင့် ပြည်ထောင်စု အဆင့် လူကြီးတွေက ဒီရာထူးတိုးဖို့ ကိစ္စတွေ၊ ဒီ စကောလားရှစ် ရွေးဖို့ ကိစ္စတွေ၊ ပါမောက္ခချုပ်တွေက ဒီကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမျိုး မဖြစ်တော့ဘူးလို့ ကျနော် မြင်ပါတယ်။ အဲဒါက ပထမ တခုပါ။

ဒုတိယ တခုကတော့ လက်တွဲပြီး လုပ်ကြရအောင် လုပ်ကြရအောင် ဆို ပုံဖေါ်နေတယ်။ မူက ပေါ်လာပေမယ့် တကယ် အားနဲနေတဲ့ အချက်က အစိုးရအဖွဲ့ရဲ့ သုတေသနနဲ့ တက္ကသိုလ်တွေရဲ့ ကြားထဲက ပူးတွဲ လုပ်ဆောင်မှုက အရမ်းအားနဲနေတယ်။ သူတို့က parallel အပြိုင် စက်မှုလုပ်ငန်းတွေနဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်က များနေတဲ့ အတွက်ကြောင့်မို့ ပြည်တွင်းမှာ ကိုယ့်ဟာကိုယ် အချင်းချင်း စည်းလုံးမှု ရှိပြီးမှ ပြည်ပ အဖွဲ့အစည်းနဲ့ လုပ်တာက နိုင်ငံအတွက် ပိုအကျိုးရှိမလားလို့ ကျနော်မြင်ပါတယ်ခင်ဗျ။

တတိယအချက် ကျနော် ပြောချင်တဲ့ လိုအပ်တာလေး တခုကတော့ ပြည်ပ အဖွဲ့အစည်းနဲ့ ပူးတွဲ လုပ်ပြီ ဆိုရင် ကျနော်တို့ ဘက်မှာ မူ- ဘောင် အသေးစိတ် အတိအကျ အဲဒါ နိုင်ငံတော် အဆင့် ရှိဖို လိုတယ်လို့ ထင်ပါတယ်။ ဟိုတက္ကသိုလ်နဲ့ တွဲလုပ်တဲ့အချိန်မှာ ဒီမူဖြစ်ပြီးတော့ ဟိုအဖွဲ့အစည်းနဲ့ လုပ်လိုက်တဲ့ အချိန်မှာ တခြားမူ ဖြစ်သွားမယ် ဆိုရင်က နိုင်ငံတော်အတွက် နစ်နာမယ့် အပိုင်းတွေ အများကြီး မြင်လာနိုင်သလို ပြည်ပက လာတဲ့လူအားလုံး ကောင်းတယ်လို့လည်း ကျနော်တို့က မြင်နေလို့ မရပါဘူး။ သူတို့လည်း အကျိုးမရှိပဲနဲ့ ဘယ်လိုမှ မလာတဲ့ လူတွေ ဆိုတာကို ကျနော်တို့ သတိထား ဖို့လည်း လိုပါတယ်ခင်ဗျ။

အဲ နောက်ဆုံး ကျနော်ဆိုရင် မြန်မာ သုတေသနနဲ့ ပတ်သက်ပြီးတော့ ၂၀၁၂ ခုနှစ်က စပြီးတော့ ထဲထဲဝင်ဝင်ပေါ့နော်။ ပူူးတွဲပြီး လုပ်နေတယ်။ တနှစ်ကိုလည်း ဆယ်ယောက် ကျနော့်ရဲ့ ဌာနကို ခေါ်ပြီးတော့ တတ်နိုင်သလောက် ပညာတွေ မျှပေးတဲ့ အပိုင်းတွေ ရှိတယ်။ ဒီလို ထဲထဲ ဝင်ဝင် လုပ်နေရင်း တောင်မှ မသိတဲ့ အပိုင်းတွေ အများကြီးဖြစ်လာတဲ့ အတွက်ကြောင့်မို့ ကျနော် ဖြစ်စေချင် တာက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေကနေ သူတို့ လုပ်နေတဲ့ ကိစ္စလေးတွေကို ကောင်းတာပဲ ဖြစ်ဖြစ် မကောင်းတာပဲ ဖြစ်ဖြစ် ပုံမှန် သတင်းစာရှင်းလင်းပွဲတွေ၊ သတင်းထုတ်ပြန်မှု တွေ လုပ်ပေးမယ် ဆိုရင်က ပြည်သူတွေအတွက်ကော၊ ပြည်ပက ပူးတွဲ လုပ်ချင်တဲ့သူတွေ အတွက်ကော အများကြီး အကျိုးရှိမယ်။ အော် . . သူတို့တွေ အလုပ်တကယ် လုပ်နေကြတာပဲ ဆိုတဲ့ ဥစ္စာ၊ တိုးတက်မှုလေးတွေ ဘာတွေ ရှိနေတယ် ဆိုတဲ့ဥစ္စာကို သိလာရမယ်လို့ ကျနော်ထင်ပါတယ် ခင်ဗျ။”

ဒေါက်တာမိုးကျော်သူရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။

XS
SM
MD
LG