သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G20 အစည်းအဝေး ကန့်ကွက်သူများနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့


ဂျာမနီနိုင်ငံ Hamburg မြို့မှာ ကျင်းပတော့မယ့် G20 ကမ္ဘာ့ စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ ထိပ်သီး အစည်းအဝေးကို ဆန့်ကျင်ချီတက်ကြသူ အရင်းရှင်ဝါဒီ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေနဲ့ ဂျာမနီရဲတပ်ဖွဲ့တို့ကြား ကြာသပတေးနေ့က တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သောကြာနဲ့ စနေနေ့တွေမှာ ကျင်းပဖို့ရှိတဲ့ G-20 စီးပွားရေးညီလာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမှာ လူတွေ ထောင်နဲ့ချီပြီး ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

ညီလာခံ တက်ဖို့ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ Donald Trump နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ ကြာသာပတေးနေ့ နေ့ခင်းပိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ Hamburg မြို့က သမိုင်းဝင် ငါးဈေးကြီးမှာ စုဝေးကြကာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်တွေ့ခဲ့ကြပြီး တချို့က ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေ၊ ငရုတ်ကောင်းရည်တွေ၊ နံပတ်တုတ်တွေနဲ့ ပြန်ခုခံခဲ့ကြပါတယ်။

မျက်နှာဖုံးတွေ တတ်ဆင်ထားတဲ့ ဆန္ဒပြသမားတွေဟာ လမ်းတွေကို ဆောက်လုပ်ရေး လုပ်ငန်းသုံး ကရိယာတွေနဲ့ ပိတ်ဆို့ထားပြီး အသေးစားမီးရှို့မှုတွေ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ကားတွေကို မီးတင်ရှို့မှုအပါအဝင် ထိခိုက်ပျက်စီး မှုတွေ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြကြပါတယ်။

ဆန္ဒပြသမားတွေဟာ ပုလင်းတွေ တခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာတွေ ပြုလုပ်ခဲ့ကြောင်း Hamburg ရဲတပ်ဖွဲ့ရဲ့ တွီတာလူမှုကွန်ယက်မှာ ဖေါ်ပြထားပါတယ်။

ဆန္ဒပြသူ စုစုပေါင်း တသိန်းကျော် Hamburg မြို့ကို လာရောက်ပြီး ထိပ်သီးညီလာခံကို ဆန္ဒပြ ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအထဲက ရှစ်ထောင်လောက်ဟာ ဥရောပရဲ့ တခြားဒေသတွေကနေ လာရောက်ကြတဲ့ အကြမ်းဖက် လက်ဝဲ အမြင်ရှိသူတွေဖြစ်တယ်လို့ ရဲကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG