သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလေကြောင်းတိုက်ခိုက်မှုနဲ့အကြမ်းဖက်မှုတွေရပ်တန့်ဖို့ G7 တောင်းဆို


လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)
လားရှိုးမြို့ လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်း (စက်တင်ဘာ ၂၄၊ ၂၀၂၄)

မြန်မာနိုင်ငံတွင်း အရပ်သားတွေကို ထိခိုက်မှုဖြစ်စေတဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရားမဲ့ ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပြီး၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံး ဆွေးနွေးညှိုနှိုင်းကြဖို့ကိုလည်း အဲဒီ ထုတ်ပြန်ချက်မှာတောင်းဆိုပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ခြွင်းချက်မရှိ အပြည့်အဝအကောင်အထည်ဖော်ရမယ်လို့လည်း ဖော်ပြပါတယ်။

အဲဒီ ဆုံးဖြတ်ချက်မှာတော့ မြန်မာ့အရေး အာဆီယံဘုံသဘောထားအတိုင်း အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး၊ နိုင်ငံရေးအရ ဆွေးနွေးညှိုနှိုင်းကြဖို့ တိုက်တွန်းထားတာပါ။ မြန်မာ့အကျပ်အတည်းဖြေရှင်းရေးအတွက် ကုလအတွင်းရေးမှုးချုပ် အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ G7 နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့တွေကို ကန့်သတ်ထားမှုတွေ ရပ်ဆိုင်းဖို့နဲ့ IIMM ကုလသမဂ္ဂရဲ့ မြန်မာ့အရေးသီးခြားစုံစမ်းရေးအဖွဲ့လုပ်ငန်းတွေ နိုင်ငံတွင်း အဟန့်အတားမရှိ ဆောင်ရွက်ခွင့်ပေးဖို့ကိုလည်း G 7 နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာစစ်ကောင်စီကို တောင်းဆိုပါတယ်။

ဂျက်လောင်စာဆီအပါအဝင် မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်ရေးဆိုင်ရာအထောက်အပံ့တွေ မပေးကြကိုဖို့ကိုလည်း ဒီ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ G 7 နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ဟာ အခု နိုဝင်ဘာလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့က အီတလီနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီးနောက်၊ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အခုလို မြန်မာ့အရေးကိုလည်း ထည့်သွင်းထားတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG