တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိခင်နဲ့ လသားအရွယ် ကလေးတဦး၊ သက်ကြီးရွယ်အိုတဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ TNLA အဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း ၄ ကြိမ်မြောက် လေကြောင်းက တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသူ ၇ ဦးထက်မနည်း ရှိတယ်လို့လည်း ပြောပါတယ်။ ကွတ်ခိုင်မြို့ တိုက်ခိုက်ခံရမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို တနင်္ဂနွေနေ့ ညသန်းခေါင်ယံအချိန်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတဦးနဲ့ မိခင်အပါအဝင် ၃ဦး သေဆုံးခဲ့သလို ၁၀ဦး ထိခိုက်ပြီး ၇ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ ကွတ်ခိုင်မြို့ကို TNLA က သိမ်းယူပြီးနောက် ၄ကြိမ်မြောက် လေကြောင်းက တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ လူမှုကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကွတ်ခိုင် ဒေသခံတဦး VOA ကို အခုလို ပြောပါတယ်။
“ မနေ့က ည ၁၁နာရီ ၄၇ မိနစ်။ ၁၇ရက်နေ့။ ရပ်ကွက် ၄ ရေထွက်ဦး ပန်းခြံဈေးအနီး။ တရုတ်ဘုရားရှိခိုးကျောင်းပေါ့။ ဘုရားကျောင်းနားမှာ ကျတာပေ့ါ။ တလုံးပဲဗျ။ ဗုံးက ပေါင် ၅၀၀ ဆို တော်တော်ပြင်းထန်တယ်ဗျ။ အားတော်တော် ပြင်းထန်တယ်။ လောလောဆည်ထိ သိရသလောက်တော့ ၃ဦးသေတယ်။ သုံးလသားအရွယ်ကလေးနဲ့ သူ့အမေရယ်။ သက်ကြီးရွယ်အို အဖွားတယောက်ရယ် ပွဲချင်းပြီး ဆုံးတယ်။ ဒဏ်ရာရတာ ၁၀ဦး။ ၁၀ဦးမှာမှ ၇ဦးက အခြေအနေမကောင်းဘူးလို့ ပြောတယ်။”
တနင်္ဂနွေနေ့ည တိုက်ခိုက်မှုဟာ TNLA က ကွတ်ခိုင်မြို့ကို သိမ်းယူပြီးနောက် စတုတ္ထအကြိမ်အဖြစ် လေကြောင်းက တိုက်ခိုက်တာဖြစ်ပြီး ဒီ ၄ကြိမ်တိုက်ခိုက်မှုမှာ အနည်းဆုံး ၉ယောက် သေဆုံးခဲ့ကြောင်းလည်း ကွတ်ခိုင် ဒေသခံက ဆက်ပြောပါတယ်။
“ ဒါက ၄ကြိမ်မြောက်ပေါ့။ ၂၀၁၄ သြဂုတ်လ ၅ရက်နေ့က မြို့မဈေးကြီး တကြိမ်။ ၂၀၂၄သြဂုတ်လ ၇ရက်နေ့မှာ သူတို့ တပ်ထဲပေါ့နော်။ ဗျူဟာဘက်ကို တကြိမ်။ နောက် နိုဝင်ဘာလထဲမှာက တရက်နေ့က အေးရှားဝါးလ် တိုးဂိတ်ဘက်မှာ တကြိမ်။ အခု နိုဝင်ဘာ ၁၇ရက်နေ့မှာ ရပ်ကွက် ၄ ၊ မနေ့က ဖြစ်စဉ်ပေါ့နော်။ အားလုံး ၄ကြိမ်ရှိသွားပြီ။ သေတဲ့လူကတော့ မနေ့က ၃ယောက်ရယ်။ ဈေးနားမှာ ၅ယောက်ရယ်။ တိုးဂိတ်ဘက်မှာ တယောက် ။ ၉ယောက်ပေါ့နော်။ ”
TNLA ကလည်း ကွတ်ခိုင်လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တဦးနဲ့ အမျိုးသမီး ၂ဦး သေဆုံးပြီး အမျိုးသား ၇နဲ့ အမျိုးသမီး ၆ဦး ပေါင်း ၁၃ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၁၇ရက်နေ့မှာပဲ TNLA ထိန်းချုပ် ရာ မိုင်းငေါ့မြို့ကို ဂျက်တိုက်လေယာဉ် နဲ့ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် လူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
TNLA က ကွတ်ခိုင်မြို့ကို ဒီနှစ် ဇန်နဝါရီလ ၇ရက်နေ့က သိမ်းယူခဲ့တာဖြစ်ပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။
Forum