သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးပေါ် တိုက်ပွဲကြောင့် သွားလာရေး အခက်ကြုံ


(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြား ပြည်ထောင်လမ်းမကြီးပေါ်မှာ ဒီကနေ့ မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ယာဉ်အသွားအလာတွေ အခက်အခဲ တွေ့ကြုံနေရပါတယ်။ ဒီလမ်းပိုင်းမှာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ တိုက်ပွဲကြောင့် သံဃာတော်တစ်ပါးနဲ့ လူ ၃ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ဘက်မှာ ဒီလ ၁၁ရက်နေ့က စတင်ပြီး ပစ်ခတ်တိုက်ခိုက်တာတွေ စတင်ဖြစ်ပွားခဲ့ရာက၁၃ရက်နဲ့ ၁၄ရက်နေ့တွေမှာတော့ ကွတ်ခိုင်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာပါ တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို နမ့်ဖတ်ကာက မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“ စကြားတာတော့ မနက် ၆နာရီကျော်လောက်ကနေ စကြားတာလေ။ ၆နာရီ ကျော်လောက်ကနေ ကွတ်ခိုင်အထွက် လွယ်ဆမ်ဆစ်တောင်ရဲ့ အောက်ခြေကနေ စပြီးဖြစ်တယ်။ ပြီးရင် ကွတ်ခိုင်ဒီဘက် ဟိုနောင်၊ ရှုခင်းသာအောက်ပေါ့။ အဲဒီနားမှာဖြစ်တယ်။ နောက် နမ့်ဖလောနားမှာလည်း ဖြစ်တယ် ပြောတယ်။ မန်လွယ်၊ နမ့်ဖလောပေါ့။ နောက် ဒီဘက်နားက နမ့်ဖတ်ကာနဲ့ ရင်ကွဲတောင်ကြားမှာလည်း ဖြစ်တယ်ပြောတယ်။ ကြိုကြား ကြိုကြားဖြစ်လိုက်၊ ကားတွေက ပိတ်နေလိုက်၊ ပွင့်သွားပြီပြောလိုက်သွားလိုက်နဲ့ အဲလိုပဲ သွားနေကြတာ။ နှစ်ဦးနှစ်ဘက်လုံးက ရှိနေတာလေ လမ်းဘေးတွေမှာ။”

ယာဉ်မောင်းတွေနဲ့ ခရီးသွားလာသူတွေ တွေ့ကြုံနေရတဲ့ အခြေအနေကိုလည်း အခုလို ပြောပါတယ်။

“ တိုက်ပွဲနဲ့ နီးတဲ့နေရာဆို ပြန်ကွေ့ပြီးတော့ ပြန်လှည့် ပြေးလာတာတို့၊ ပြီးလို့ရှိရင် ပြန်ပြီးတော့ သွားတာတို့ အဲဒါတွေတော့ ရှိတယ်။ နမ့်ဖတ်ကာမှာလည်း မနက်က တစ်ကြိမ်ပိတ်တယ်။ ခု ညနေတစ်ကြိမ်ပိတ်တယ်။ ၁၀နာရီကျော်ကျော်က တစ်ခါပွင့်သွားတယ်။ အခု ၁၂နာရီကျော်ကျော်က တစ်ခါ ပိတ်သွားတယ်။ အဲလို ဖြစ်နေတာလေ။ မနေ့ကတော့ ညနေပိုင်းကတော့ နမ့်ဖတ်ကာနားမှာတော့ သံဃာတစ်ပါးနဲ့ အရပ်သား တစ်ယောက်တော့ ခြေသလုံးမှန်တာပေါ့။ သေနတ်။ ဆိုင်ကယ်နဲ့ လာတာဆိုတော့ ကျည်ဆံလမ်းကြောင်းပေါ် ဖြတ်သွားတော့ ခြေသလုံးပဲ မှန်တာပေါ့။ နမ့်ဖတ်ကာဆေးရုံမှာ မနိုင်လို့ မူဆယ်ကို ညက ပို့လိုက်တာလေ။ မနေ့ညက။”

ဒီကနေ့ မနက် ကွတ်ခိုင်မြို့အနီး ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ ကျောင်းကားတစ်စီးကို ထိမှန်ပြီး လူ ၂ယောက် ဒဏ်ရာရခဲ့ကြောင်း ကွတ်ခိုင်မြို့ လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

“ ကျောင်းကား ပစ်ခံရတာလေ။ လွိုင်ဆမ်ဆစ်နားမှာပဲ။ သေနတ်သမားတစ်ဦးလို့ပဲ သူတို့ ပြောတာ။ ကျည်ဆံမှန်ပြီးတော့ ကားမှန်ကွဲပြီးတော့ လူသွား စိုက်တယ်လေ။ နှစ်ယောက် သေတော့ မသေဘူး။ ဒဏ်ရာပေါ့။ ကားမောင်းတဲ့လူနဲ့ Guide ပြတဲ့ ကျောင်းဆရာ၊ ကွတ်ခိုင် ရပ်ကွက် ၁ ဧလျာဇာ ကိုယ်ပိုင်အထက်တန်းကျောင်းလေ။”

တိုက်ပွဲဖြစ်ပွားစဉ်ကာလမှာ TNLA ခေါ် တအန်း(ပလောင်)အဖွဲ့က ယာဉ်မောင်းတွေကို ဖမ်းဆီးတာ၊ ဆက်ကြေးကောက်တာတွေ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အခုလို ပြောပါတယ်။

“ ဆက်ကြေးကောက်တာတော့ လုံး၀ မရှိပါဘူး။ ကားသမားဖမ်းတာလည်း မရှိပါဘူး။ ဒီမနေ့က တိုက်ပွဲမဖြစ်ခင်ကတည်းက ဒီ ကားသမား ကားအသွားအလာတော့ တားထားတာရှိတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒီ တိုက်ပွဲကြားမှာ ရောက်သွားလို့ရှိရင်တော့ အန္တရာယ်ဖြစ်မှာစိုးလို့ ကျနော်တို့က ယာဉ်သွားယာဉ်လာကို ပိတ်ထားတာ။ ”

အရပ်သားတွေ ထိခိုက်မှုတာနဲ့ ပတ်သက်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ အဖွဲ့ကတော့ အရပ်သားမှန်း သိသိကြီးနဲ့ ပစ်တာတော့ မရှိပါဘူး။ သူက ဘယ်လိုမျိုးပုံစံနဲ့ ဖြစ်တာလဲတော့ ကျနော်လည်း အသေးစိတ်တော့ မသိပါဘူးပေါ့။ ဒါက တိုက်ပွဲကြားမှာ ထိမိတာမျိုးဆိုရင်တော့ ဘယ်ဘက်ကျည်လည်း ပြောဖို့လည်း ဘယ်သူမှလည်း မပြောနိုင်ဘူး။”

ဒီကနေ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားမှာ အနည်းဆုံး ၃နေရာ တိုက်ပွဲဖြစ်ပွားပြီး ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ်မှာလည်း မနက် ၆နာရီလောက်တည်းက တိုက်ပွဲစဖြစ်ကြောင်း၊ တိုက်ပွဲတွေကတော့ ဖြစ်လိုက်နားလိုက်နဲ့ ဆက်တိုက်ဖြစ်နေခဲ့ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းက ပြင်ဦးလွင်မြို့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နောက်မှာ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအပေါ် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ ကာလ အတန်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

..........................


(Unicode)

















XS
SM
MD
LG