သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွား


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-ကွတ်ခိုင်- မူဆယ်လမ်းဟာ ဒီကနေ့ ကားအသွားအလာတွေ ပြန်လည်စတင်နေပြီး အခြားနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-ကွမ်းလုံ- ချင်းရွှေဟော်လမ်းမှာတော့ တံတားတစ်စင်းဖျက်ဆီးခံရပြီး ကားအသွားအလာတွေ ရပ်တန့် နေပါတယ်။ တချိန်တည်းမှာပဲ လားရှိုးမြို့အနီးက ခလရ ၂၉၁ကိုလည်း လက်နက်ကိုင်အဖွဲ့တွေက ၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၅ရက်နေ့က စပြီး၁၂ရက်ကျော်ကြာ ပိတ်ခဲ့နေခဲ့တဲ့ လားရှိုး- သိန္နီ- ကွတ်ခိုင်-မူဆယ်လမ်းပိုင်းမှာ ၂၆ရက်နေ့က ကားတွေ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပေမယ့် ၂၇ရက်နေ့ နေ့ခင်းမှာ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာအကြားမှာ လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ဆို့ခဲ့တာကြောင့် ကားအသွားအလာတွေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒီကနေ့မှာတော့ မူဆယ်နဲ့ လားရှိုးအကြား ကားတွေဟာ အတော်များများ ပြန်လည် သွားလာနေပြီလို့ မူဆယ်မြို့ ကရုဏာပရဟိတအသင်း ဥက္ကဌ ဦးသောင်းထွန်းက အခုလို ပြောပါတယ်။

“ ဟုတ် ဒီနေ့ကတော့ အားလုံးအဆင်ပြေတယ်။ လမ်းကြောင်းမှာတော့ ပိတ်ဆို့မှု့လုံးဝမရှိဘူးပေါ့။ အ၀င်ရော၊ အထွက်ရော အားလုံး အဆင်ပြေနေကြပါတယ်။ ကားတွေလည်းထွက်ပါတယ်။ မနေ့ကတော့ ကျနော်တို့ ကွတ်ခိုင်ရှုခင်းသာမှာ ပိတ်နေတဲ့ ကားတွေက ညနေပိုင်းကျ အတက်နဲ့ အဆင်းနဲ့ တစ်ခြမ်းစီလွှတ်ပေးတဲ့ အခါကျ ၇နာရီလောက်မှာကျ မူဆယ်အိမ်ကို ကျနော်တို့လည်း ပြန်ရောက်ပါတယ်ဗျ။”

နမ့်ဖတ်ကာက ဒေသခံတစ်ဦးကလည်း ဒီနေ့ အခြေအနေကို အခုလို ပြောပါတယ်။

“ ဒီနေ့ကတော့ လားရှိုးလောက်ကနေပြီး မူဆယ်ကို တောက်လျောက်သွားနေကြတာ။ ကားတွေကတော့ လုယက်ပြီးသွားနေကြတယ်။ ပွင့်တဲ့အချိန်ဆိုပြီးတော့။ ခရီးသည်ကားတွေကတော့ အရင်တုံးက အချိန်နဲ့ ထွက်တဲ့ကားတွေက အခုက အချိန်နဲ့ မဟုတ်တော့ဘူး။ လမ်းကြောင်း ကောင်း ကောင်းသလို ထွက်နေကြတာ။ မနေ့ကတုန်းကတော့ ခဏတော့ ပိတ်သွားသေးတယ်လေ။ ပိတ်ပြီးမှ ပြန်ပြီးတော့ ဖွင့်တာ။ ဟိုနောင်နဲ့ မန်လွယ်အကြားပေါ့။ အဲဒီနားမှာ ပစ်ခတ်မှုလည်း နည်းနည်းဖြစ်တယ်ပြောတယ်။ကားလည်း ကားတစ်စီးလည်း တွဲကားတစ်စီးလောက်က ကန့်လန့်ခံနေတာ။ ”

ဒီနေ့ မူဆယ်လမ်းပိုင်းမှာ ကားတွေသွားလာနိုင်ပေမဲ့ အခြားနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး- ကွမ်းလုံ- ချင်းရွှေဟော်လမ်း၊ သိန္နီနဲ့ ကွမ်းလုံအကြားက နားတီးတံတားကို မနေ့ညက ဖောက်ခွဲခံခဲ့ရသလို ဒီမနက်မှာ လည်း လားရှိုးမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအခြေအနေကို လားရှိုးမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနေ့ မနက် လားရှိုးမြို့နဲ့ တော်တော်နီးတဲ့ နမ့်ပေါင်ကျေးရွာ အဲဒီက တပ်ကို ၀ိုင်းတာ။ ဘာဖြစ်လို့လဲဆို တပ်ကလူတွေက တိုက်ပွဲဘက်ကို အင်အားဖြည့်ထားတော့ မနက်အစောကြီး ၃နာရီကြာလောက် တိုက်ပွဲဖြစ်တယ်။ ခု မြို့က ခြောက်ကပ်ပြီး ဆိုင်ခန်းတွေ အကုန်ပိတ်ထားတယ်။ ဘာမှ မဖွင့်ဘူး။ မနေ့ည ၁၀နာရီ ၅၀က သိန္နီ-ကွမ်းလုံလမ်းပေါ်ပေါ့ နားတီရွာအထွက်မှာ တံတား အရင်တစ်ခေါက်လည်း ဖျက်ပြီးပြီ။ နည်းနည်းပဲ ပျက်တာ။ အခုတစ်ခေါက် လုံးဝဖျက်ဆီးပစ်လိုက်ပြီ။”

တံတားပျက်ဆီးသွားတာကြောင့် ကားအသွားအလာတွေ ရပ်ဆိုင်းနေကြောင်း ပြောပါတယ်။

နမ့်ပေါင်ရွာအခြေစိုက် တပ်ရင်း တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး လားရှိုးမြို့က ရဲအရာရှိတစ်ဦးက အခုလို ပြောပါတယ်။

“ နမ့်ပေါင်တပ်အထိုင် ခလရ ၂၉၁ ဟုတ်တယ်ဗျ။ အခုက ပြီးသွားပြီလို့ ပြောတယ်။ သူတို့က အဝေးကပါ လက်နက်ကြီးနဲ့ ပစ်တယ်လို့ ပြောတယ်။ မနက် ၆နာရီကျော်လောက်က၊ ငြိမ်သွားတာကတော့ ၉နာရီကျော်ကျော် လောက်ပဲ။”

ဒီလ ၁၅ရက်နေ့နောက်ပိုင်းမှာ သိန္နီ-ကွမ်းလုံအကြားမှာ တံတား ၃စင်း ဖျက်ဆီးခံရပြီး ၂၅ရက်နေ့မှာ တပ်မတော်က တံတားတွေ ပြုပြင်ခဲ့တာကြောင့် ကားတွေ ပြန်လည်သွားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က အခုလို ပြောပါတယ်။

“ တိုက်ပွဲကတော့ ၃-၄- ၅နေရာလောက်ရှိတယ်။ ကျနော်တို့ လိုက်နေတုံး။ လောလောဆည်တော့ ၅နေရာ ဖြစ်တယ်။ လားရှိုးမြို့နယ်ထဲမှာ တစ်နေရာ၊ ကျောက်မဲ ပါလိုင်နားက တစ်နေရာ၊ ကွတ်ခိုင်လုံစိန်ရွာနားမှာ တစ်နေရာဖြစ်တယ်။ ကွတ်ခိုင်နားက တစ်နေရာဖြစ်တယ်။ ကွတ်ခိုင် မန်လွယ်နားမှာ တစ်နေရာဖြစ်တယ်။ ကွတ်ခိုင်လုံစိန်နဲ့ မန်လွယ် ၂နေရာကျတော့ ကားလမ်းနားမှာဖြစ်တယ်။ ကျန်တဲ့နေရာကျတော့ ကားလမ်းအပြင်ဘက်ပေါ့။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မနေ့ညက နားတီး တံတားဖျက်ဆီးခံရတာနဲ့ ဒီမနက် လားရှိုးအနီးတပ်ရင်းကို အဝေးက ပစ်ခတ်တာရှိကြောင်း ပြောပေမဲ့ တခြားတိုက်ပွဲသတင်းတွေကိုတော့ ပြောဆိုတာ မရှိပါဘူး။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ TNLA တအန်း(ပလောင်)၊ MNDAကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ အကြားမှာ တိုက်ခိုက်မှုတွေ ပြင်းထန်နေချိန်မှာပဲ နှစ်ဘက် အပစ်ရပ်စာချုပ်ချုပ်ဆိုရေးအတွက်မိုင်းလား ဒါမှ မဟုတ် ကျိုင်းတုံမှ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ မိုင်းလားမှာတွေ့ဆုံဖို့ လိုလားကြောင်း တုံ့ပြန်တာတွေ ရှိနေပါတယ်။

လားရှိုးမြို့အနီး တိုက်ပွဲဖြစ်ပွား
please wait

No media source currently available

0:00 0:04:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG