သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်-ကွတ်ခိုင်လမ်း နာရီပိုင်းအတွင်း အသွားအလာ ပြန်လည်ရပ်ဆိုင်း


တိုက်ပွဲတွေကြောင့် ရပ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မူဆယ်-ကွတ်ခိုင်လမ်းကို ပြန်လည်ဖွင့်လှစ်ပေးပြီး နာရီပိုင်းအကြာ ဒီနေ့မှာပဲ လက်နက်ကိုင် အဖွဲ့တွေရဲ့ တားဆီးမှုတွေကြောင့် ရပ်ဆိုင်းသွားပါတယ်။ လက်နက်ကိုင်အဖွဲ့တွေက ကုန်တင်ကား ဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်ပြီး ပိတ်ဆို့ခဲ့တဲ့အတွက် အသွားအလာတွေ ရပ်ဆိုင်းကုန်တာ ဖြစ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပေးမှာ ဖြစ်ပါတယ်။

တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီလ ၁၅ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၁၀ရက်ကျော်ကြာ ရပ်ဆိုင်းခဲ့ရပြီးနောက် တပ်မတေ်ာက လမ်းလုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး ဖြစ်တဲ့အတွက် မူဆယ်နဲ့ ကွတ်ခိုင်အကြား ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း မနေ့နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီကနေ့မှာတော့ လက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်ဆို့တာတွေရှိခဲ့တာကြောင့် ခရီးသည်တွေနဲ့ မော်တော်ယာဉ်တွေ လမ်းခရီးမှာ ရပ်တန့်နေရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကွတ်ခိုင်ကနေ ဒီဘက်အတက်မှာ ၂၂ဘီးကားကြီးတွေကို ၆စီးလောက် ဘီးတွေကို ပစ်ပြီး ကာထားတာ။ အဲဒါနဲ့ ပြန်ပိတ်သွားတာ။ အခုမနက်ပဲ ဖြစ်တာ။”

လမ်းခရီးမှာ ပိတ်ဆို့နေတဲ့အခြေအနေကို လားရှိုးမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တာဝန်ခံ ကိုစိုင်းညီညီကပြောပါတယ်။

“ကားဘီးတွေကို သေနတ်နဲ့ဖောက်ပြီး မောင်းလို့ မရအောင် လမ်းကို ကန့်လန့်ပိတ်ပြီးတော့ ရပ်ခိုင်းပြီးထားပါတယ်။ အဲဒီမှာ ကားလေး တစ်စီးစာတော့ လွတ်ပါတယ်ခင်ဗျ။ အဲဒီရဲ့ ကြားထဲကနေ လာခဲ့ကြပါတယ်။ ဒီနေ့ မနက်ပိုင်း ၁၀နာရီခွဲလောက်ကနေ စပြီးတော့ ဖြစ်ပါတယ်ခင်ဗျ။ ကွတ်ခိုင်ဘက်က ပြန်ဖွင့်ပြီဆိုတာနဲ့ Ambulance ကနေ ဦးဆောင်ပြီးတော့ ကားလေး အစီး၂၀ကို ဦးဆောင်ပြီးတော့ ခေါ်ထုတ်ခဲ့ပါတယ်။ ကားလေးက အစီး ၃- ၄၀လောက်ရှိမယ်။ ပြီးရင် ကုန်ကားကြီးတွေ ရှိပါတယ်ခင်ဗျာ။ ကုန်ကားကြီးတွေကတော့ ရှေ့ဆက်သွားလို့လည်း မရ နောက်ဆက်လို့ လည်း မရဖြစ်နေပါတယ်ဗျာ။ Express ကားက နည်းပါတယ်။”

သူတို့ ကားဟာ မူဆယ်ကနေ ဒီမနက် ထွက်လာပြီး လမ်းခရီးက ကျေးရွာတွေနဲ့ ခရီးသည်တွေကိုထမင်းထုပ် ၆၀၀နဲ့ စားသောက်ကုန်တွေ ဝေငှပေးခဲ့ကြောင်း ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်က ရဲအရာရှိတစ်ဦးကလည်း လမ်းခရီးမှာ ကားတွေ ပိတ်ဆို့ နေကြောင်း အခုလို အတည်ပြုပြောပါတယ်။

“ သွားလို့ မရသေးဘူးဗျ။ ဟိုမှာ ကားပိတ်ထားတယ်လို့ ပြောတယ်။ ကားကန့်လန့်ခံထားတယ်။ ပွင့်ရင် ကျနော် လှမ်းပြောလိုက်မယ်။”

လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့တွေက ပိတ်ဆို့ထားတာကြောင့် ကွတ်ခိုင်ဘက်က ကားတွေကိုလည်း အာဏာပိုင်တွေက ရပ်တန့်ခိုင်းထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

TNLAခေါ် တအန်း(ပလောင်) တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်ကတော့ဒီကနေ့ တိုက်ပွဲ ၂နေရာဖြစ်ကြောင်းနဲ့ တစ်နေရာက ပြည်ထောင်စု လမ်းပေါ်မှာဖြစ်ကြောင်း ပြောပါတယ်။

“ ဒီနေ့ တိုက်ပွဲကတော့ ၂နေရာရှိတယ်။ တစ်နေရာကတော့ ကွတ်ခိုင်နားက နမ့်ပါရှီးနဲ့ မန်နောင်ကြားပေါ့နော်။ တစ်နေရာကတော့ဒီ ကျောက်မဲမြို့နယ်၊ မိုင်းငေ့ါမြို့နယ်ခွဲနားက ကျောက်ဖြူရဲ့ အထက်ဘက်က လွိုင်ဆန်တောင်ပေါ်မှာ တစ်နေရာဖြစ်တယ်။ တစ်နေရာကတော့ ဟုတ်တယ် ကွတ်ခိုင်လမ်းကတော့။ ဒီကျောက်မဲဘက်ကတော့ ဒီလမ်းမပေါ်မှာ မဟုတ်ဘူး။မနေ့ကတော့ တိုက်ပွဲက ၇ နေရာလောက်ရှိတယ်”

ဒီနေ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။

ဒီကနေ့ထုတ်ပြန်တဲ့ မြဝတီသတင်းစာမှာတော့ တနင်္လာနေ့ ညနေ က မူဆယ်ကနေ လားရှိုးဘက်ကို ယာဉ်ကြီး ၃၄၄စီး၊ ယာဉ်ငယ် ၃၀စီး၊ နမ့်ဖတ်ကာကနေ လားရှိုးကို ယာဉ်ကြီး ၁၂၆စီး၊ ယာဉ်ငယ် ၉စီး၊ နမ့်ဖတ်ကာကနေ မူဆယ်ကို ယာဉ်ကြီး ၁၂၃စီး ဘေးအန္တရာယ်မရှိဘဲ ဖြတ်သန်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

မူဆယ်ဒေသခံတစ်ဦးကတော့ အခြေအနေတွေ ရှုပ်ထွေးနေဆဲရှိကြောင်း အခုလို ပြောပါတယ်။

“ဒီလိုမျိုးအချိန်မှာ ပွင့်ပြီဆိုတာတော့ မရှိဘူး။ အစတော့ ပွင့်ပြီဆို အကြောင်းပြန်ပြီးတော့ ဒီလိုပေါ့နော် ပြန်ဖြစ်ပြီဆိုတော့ ပြန်ပိတ်ရတာပဲ။ သူတို့ လမ်းကြောင်းရှင်းပြီးမှ ပြန်လွှတ်လိုက်။ အခြေအနေမကောင်း ဘူးဆိုရင် ပြန်ပိတ်လိုက် အဲလိုပဲ လုပ်နေရတာလေ။”

မူဆယ်မြို့က အဝေးပြေးခရီးသည်တင်ကားတွေကတော့ ဒီကနေ့ နေ့ခင်း ၁၁နာရီလောက်စတင် ပြေးဆွဲနေပြီး မနက် ၁၀နာရီခွဲလောက်က ကွတ်ခိုင်ကနေ မူဆယ်ဘက်ထွက်တဲ့ အိမ်စီးကားကို လမ်းမှာ ပစ်ခတ်ခံရကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

TNLA တအန်း(ပလောင်)၊ MNDAAကိုးကန့်၊ AAရခိုင် အဖွဲ့တွေ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်ခရီးသွားလာတဲ့အခါမှာ သေချာ လေ့လာစုံစမ်းပြီးသွားလာဖို့ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG