သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာရှိုး-သိန္နီ အဝေးပြေးလမ်းပေါ် ကားအချို့မီးလောင်


သြဂုတ်လ ၁၅ ရက်တုန်းက ပြင်ဦးလွင်နဲ့ နောင်ချိုကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့စဉ်
သြဂုတ်လ ၁၅ ရက်တုန်းက ပြင်ဦးလွင်နဲ့ နောင်ချိုကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့စဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးနဲ့ သိန္နီအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင် ကားနဲ့ အိမ်စီးကားတွေ နှစ်ရက်ဆက်တိုက်ဆိုသလို မီးရှို့ဖျက်စီးခံနေရပါတယ်။ အဲဒီ ဒေသအနီးအနားမှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေရှိနေတာမို့၊ ဒေသတွင်း သွားလာရေးအတွက်ပါ စိုးရိမ်နေကြရပါတယ်။

ဗွီအိုအေ သတင်းထောက် ကိုကောင်းစံ စုံစမ်းမေးမြန်းထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးနဲ့ သိန္နီအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင်ကား အပါအဝင် ကား၃စီးနဲ့ ဆိုင်ကယ်၁စီး မီးရှို့ခံရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တဖက် တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က လုပ်ရပ်ဖြစ်တယ်လို့ မြန်မာစစ်တပ်ဖက်ကတော့ စွပ်စွဲထားပါတယ်။

“ရှမ်းမြောက်မှာကလည်း ရေပူစစ်ဆေးရေးရဲ့တောင်ဘက် မီတာ တစ်သောင်းလောက်မှာ Express ကားတစ်စီးရယ်၊ Hi Jet တစ်စီးရယ်၊ Saloon ကားလို တစ်စီးရယ် ၊ ဆိုင်ကယ်တစ်စီးရယ်ကို မီးရှို့သွားတာရှိတယ် မနက်၆နာရီခွဲလောက်က၊ကျနာ်တို့ သတင်းထုတ်ပြန်မှာပါ။”

မနေ့ကလည်း ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းမှာ ကုန်တင်ကား တစ်စီး မီးရှို့ဖျက်စီးခံ ခဲ့ရပါသေးတယ်။၂ရက်ဆက်တိုက် ပြည်ထောင်စု လမ်းမပေါ်မှာ မီးရှီု့ဖျက်စီးခံရတာတွေနဲ့ ပက်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်း အိုက်ကျော် ကတော့ ဒီကနေ့ မီးရှို့တာဟာ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကလဲဆိုတာတော့ မသိရသေးဘမဲ့ မနေ့ကတော့ တိုက်ပွားဖြစ်ရင်း ကုန်တင်ကားကို လက်နက်ကြီးကျသွားတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“မနေ့ကတော့ ရှု့ခင်းသာလမ်းမှာတိုက်ပွဲဖြစ်တယ်။ အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ မီးလောင်သွားတာ ဖြစ်တယ်။ ဒီနေ့ကတော့ တကယ်ဖြစ်လားမဖြစ်လားဆိုတာ ကျနော်တို့လည်း မသိရသေးဘူး။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ အနေနဲ့ ခရီးသည်တွေ အသက်အန္တာရယ် မရှိစေရေးဆိုပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်တဲ့ နေရာတွေကို မလာကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ပီး အခုလိုတွေ ဖြစ်ပွားနေတာပါ။ မြန်မာစစ်တပ်ဟာ အရပ်ဖက် ကားတွေ၊ အရပ်သား ခရီးသည်တင်ယာဉ်တွေကိုသုံးပြီး စစ်လက်နက်ခဲယမ်းတွေကို သယ်ပို့ နေတယ်လို့လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက စွပ်စွဲထားပါတယ်။

ဒီလ သြဂုတ်လလယ်ပိုင်း ပြင်ဦးလွင်နဲ့ နောင်ချိုကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာတွေလုပ်ခဲ့တဲ့နောက်၊ နှစ်ဖက် အပြန်အလှန်တိုက်ပွဲတွေဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းမှာ မတည်မငြိမ်မှုတွေ ပိုတိုးလာနေပါတယ်။ ဒေသတွင်း သွားရေးလာရေး ခက်ခဲနေတာကြောင့် တရုတ်-နယ်စပ် ကုန်သွယ်ရေးကိုပါ ထိခိုက်မှုတွေရှိလာပါတယ်။ အရပ်သားမော်တော်ယာဉ်တွေ တိုက်ခိုက်ခဲ့ရသလို၊ လူထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလို နှစ်ဖက် စစ်ရေးတင်းမာနေတာကို အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းမှုတရပ်အနေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား အခုလာမယ့် စနေမှာတော့ ရှမ်းပြည်မြောက်ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံညှိုနှိုင်းဖို့ရှိနေပါတယ်။ မြောက်ပိုင်းမဟာမိတ်တပ်တွေဖက်က ကိုယ်စားလှယ်အချို့ အဲဒီ ဆွေးနွေးပွဲအတွက် ထွက်ခွာသွားပြီလို့ TNLA ဖက်က အတည်ပြုပါတယ်။ နှစ်ဖက် ဆွေးနွေးညှိုနှိုင်းမှုတွေဖြစ်လာဖို့ အိမ်နီးချင်းတရုတ်နိုင်ငံဖက်ကလည်း တစုံတရာ ဖိအားပေးပုံရပါတယ်။

မကြာသေးခင်ကပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တရုတ်အစိုးရက ခေါ်ယူပြီး တရုတ်- မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးအတွက် သူတို့သဘောထားကို ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင်ဆွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တရုတ်နိုင်ငံမှာ တွေ့ဆုံစဉ်တုန်းကလည်း ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့စိုးရိမ်ချက်နဲ့၊ အဲဒီဒေသ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ဖို့ လိုလားချက်တွေကိုလည်း ပြောဆိုခဲ့ပါတယ်။ အခု သြဂုတ်လအတွင်း ဖြစ်လာတဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့်လည်း တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ နေ့စဉ် ကျပ် သန်းထောင်ချီ ဆုံးရှုံးတာတွေဖြစ်နေတယ်လို့လည်း ကုန်သွယ်ရေးဝန်ကြီးဌာနဖက်က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG