သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိုးစစ်တွေကြောင့် ရခိုင်တိုက်ပွဲပြင်းထန်


ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)
ရခိုင်ပြည်နယ် နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ နေရာက စစ်ဘေးဒုက္ခသည် မြိုတိုင်းရင်းသား မိသားစု (ဇန်နဝါရီ၊ ၂၅၊ ၂၀၁၉)

စစ်ရေးတင်းမာဆဲ ရခိုင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်းအတွင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်ကနေ မြို့နယ် ၄ ခုမှာ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်လာနေတဲ့အတွက် မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်လာနေပါတယ်။ ဒီကနေ့မှာ ဘူးသီးတောင် မင်းပြားနဲ့ ကျောက်တော်မြောက်ဦးနယ်စပ်ဘက်မှာ မြန်မာတပ်စခန်းတခုကို AA ဘက်ကတိုက်ခိုက်နေသလို ကုလားတန်မြစ်အတွင်း တပ်မတော် စစ်သင်္ဘောနဲ့ တပ်မတော်တပ်ရင်း ဌာနချုပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့က ရေတပ် သင်္ဘော တိုက်ခိုက်ခံရကြောင်းနဲ့ ဒီမနက် လင်းမြွေတောင်တပ်စခန်း မှာတိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော်ဘက်က အတည်ပြုပြော ဆိုပါတယ်။ ရခိုင်ပြည်နယ် တိုက်ပွဲနောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် ကနေပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်အတွင်း မနေ့ကနဲ့ဒီကနေ့ မြို့နယ် ၄ မြို့နယ်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဘက်က ထိုးစစ်တွေ ပိုမိုလုပ်ဆောင်လာတာကြောင့် မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်လာနေတာပါ။

မနေ့က ညနေပိုင်းနဲ့ ဒီကနေ့အထိ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်စပ်အတွင်း မြန်မာရေတပ်သင်္ဘောနဲ့ မြန်မာတပ်ရင်းစခန်းတွေကို AA ဘက်က တိုက်ခိုက်ခဲ့ပြီး စစ်တွေ ရန်ကုန်ကားလမ်းကို ယာယီပိတ်ဆို့ထားတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဒီကနေ့ကတော့ တိုက်ပွဲကတော့ အပြင်းထန်ဖြစ်တာ ရှိတယ်။ အဲဒီမြောက်ဦးနဲ့ ကျောက်တော်ကြားပေါ့နော်။ အဲဒီလင်းမြွေတောင် ဆိုတဲ့နေရာမှာ တိုက်ပွဲအပြင်းထန် ဖြစ်တာ ရှိတယ် ဒီမနက်။ ဗမာစစ်တပ်ဘက်ကတော့ အကျဆုံးတွေတော်တော်များတာ ရှိတယ်။ ညကတော့ ကုလားတန်မြစ်ထဲကို သွားနေတဲ့ စစ်သင်္ဘောတစီးကိုလည်းပဲ ကျောက်တော်အနားမှာ နေပြီးတော့ ကျနော်တို့ဘက်က နေပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ကျောက်တော် စကခ ၉ ဌာနချုပ်ကိုလည်းပဲ ကျနော်တို့ဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ လွန်ခဲ့တဲ့ ညက။ နောက်ပြီးတော့ ဒေါင်းတောင်ယိုး အဲဒီမှာတပ်ရင်း စခန်းပေါ့နော်။ ၃၇၆ အဲဒီ စခန်းပေါ့။ အဲဒီလက်နက်ကြီး စခန်းကိုလည်းပဲ ကျနော်တို့ ပစ်ခတ်တိုက်ခိုက်တာ ရှိတယ်။ ဒီမနက်မှာတော့ အဲဒီတိုက်ပွဲတွေ ပြင်းထန်နေကြောင့်မို့လို့ ကျောက်တော်နားက မဟာမုနိလောက်ကနေပြီးတော့ လမ်းတွေကို ပိတ်ထားတယ်ဗျ ကျနော်တို့ဘက်က။ နောက်မြောက်ဦးမြို့အထွက် ပီပဲရင်းနားက ကျနော်တို့ ပိတ်ထားတာ ရှိတယ်။ ယာယီပိတ်ထားတာပါ။ အဲဒီစစ်တွေ၊ ရန်ကုန်၊ ဟိုက်ဝေးထဲမှာပေါ့နော်။

ဒီမနက် ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသလို မနေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အရှေ့ဘက်ပွိုင့် ၂၀၃တောင်ကုန်းပေါ်မှာ နှစ်ဘက် တပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မြန်မာစစ်တပ်ဘက်က လက်နက်ကြီးအပြင် ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။

“အခုဒီ ဘူးသီးတောင် ဥယာဉ်သာရွာဘက်မှာလည်း တိုက်ပွဲတွေ အပြင်းထန်ဖြစ်နေတာ ရှိတယ်။ မနေ့ကတော့ မင်းပြားမြို့နယ် ပန်းမြောင်းရွာနဲ့ အရှေ့မြောက်ဘက်ပေါ့။ အဲဒီမှာတိုက်ပွဲ အပြင်းထန်ဖြစ်တာရှိတယ်။ ဗမာစစ်တပ်ဘက်ကတော့အထိခိုက်အကျဆုံးတွေရှိတယ်။ ကျနော်တို့ဘက်ကလည်းကျဆုံးတာ နှစ်ယောက်ရှိတယ်။ သူတို့ကတော့မနေ့က နေပြီးတော့ဟယ်လီကော့ပတာ နှစ် စီးနဲ့ လာပစ်တာ။”

မနေ့ကမင်းပြားမြို့နယ်တိုက်ပွဲအတွင်း ရခိုင်လက်နက်ကိုင် AA ဘက်က စစ်သည် နှစ်ဦး ကျဆုံးခဲ့တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

မနေ့ကနဲ့ ဒီမနက် တိုက်ပွဲဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကအခုလိုပြောပါတယ်။

“ကျောက်တော်ဝန်းကျင် ကုလားတန်မြစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်လို့ ရှိရင် ကူညီကယ်ဆယ်ရေးအချိန်နဲ့ တပြေးညီ လုပ်နိုင်အောင်ဆိုပြီးတော့မှထားတဲ့ ကမ်းထိုးယာဉ်ကို AA ကနေပြီးတော့မှ မနေ့ညက တံတားကနေပြီးတော့မှ မိုင်းခွဲပြီးတော့မှ မိုင်း ပစ်ချတာပေါ့။ လက်နက်ငယ်တွေနဲ့ အဲဒီလိုပစ်တယ်။ ကျနော်တို့ကလည်း ရန်သူပစ်တဲ့နေရာကို ပြန်ပစ်တာပေါ့။ အဲဒီကျောက်တော် နဲ့ မြောက်ဦးကြားမှာရှိတဲ့ လမ်းတံတားတွေ မခွဲအောင် လင်းမြွေတောင်နားမှာ ကျနော်တို့ လုံခြုံရေးတပ်ဖွဲ့ တဖွဲ့ထားထားတာ ရှိတယ်။ မနက် ၄ နာရီလောက်မှာ အဲဒီလင်းမြွေတောင်မှာ လုံခြုံရေး တပ်ဖွဲ့တွေကို လာချတယ်အပိုင်ဆိုပြီးတော့။ ကျနော်တို့လည်း သတင်းအပိုင်ရထားတော့ ပြန်ပြီးတော့မှ စောင့်ချလိုက်တာနဲ့ AA တွေအထိနာသွားတယ်လို့သိရတယ်။ ဒီနေ့ဖြစ်တာ လင်းမြွေတောင် ဖြစ်စဉ်ရှိတယ်။ မနေ့ညတုန်းက ကမ်းထိုးယာဉ်ကို လာနှောက်ယှက်ပစ်တာရှိတယ်။အခုကတော့ ပွိုင့် ၂၀၃ ကတော့ ကျနော်တို့ ဒီနေ့လခြျနေတုန်းပဲ။”

ကျောက်တော်မြို့နယ် ရေယာဉ်ပစ်ခတ်မှုဖြစ်စဉ်မှာ ထိခိုက်မှု မရှိဘူးလို့ တပ်မတော်ဘက်က ပြောဆိုသလို ဒေါင်းတောင်ယိုး တပ်ရင်းစခန်းကို AA ဘက်က ပစ်ခတ်ခဲ့တာကိုတော့ ပြောဆိုခြင်း မရှိခဲ့ပါဘူး။

မနေ့ကနဲ့ ဒီကနေ့တိုက်ပွဲမှာ နှစ်ဘက် စစ်သည်တွေ ကျဆုံးမှု များခဲ့ကြောင်း နှစ်ဘက် တာဝန်ရှိသူတွေ ပြောဆိုနေပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

မနေ့ညက ဒေါင်းတောင်ယိုးကျေးရွာတပ်စခန်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေါင်းတောင်ယိုးရွာသား တဦးက ပြောပါတယ်။

“မနေ့က ည ၁၀ နာရီလောက်ကတည်းကပါ။ တိုက်ပွဲဖြစ်နေတာခင်ဗျ။ တနာရီလောက်ကြာတယ်။၁၁ နာရီလောက်ပြီးရင် မိုးသောက် ၄ နာရီမှာ ပြန်ပြီးတော့ တိုက်ပွဲတွေ စဖြစ်ပါတယ်ခင်ဗျ။ ပေါက်သံတွေက ရောနေတာပဲ။ တပ်ကလည်းလှမ်းပစ်တယ်။ ဟိုကလည်းပစ်တယ်ဆိုတော့။”

လက်ရှိ မြောက်ဦးနဲ့ကျောက်တော်ကြားလင်းမြွေတောင် တိုက်ပွဲပြီးဆုံးသွားပြီးဆိုပေမဲ့ ထိခိုက်မှုတွေ မသိရသေးသလို ရန်ကုန်၊ စစ်တွေကားလမ်းကိုတော့ ယာယီပိတ်ထားဆဲလို့ AA ဘက်က ပြောပါတယ်။

မင်းပြားမြို့နယ် မြောင်းကျေးရွာဘက်မှာ သြဂုတ် ၂၃ရက်မှစတင်ပြီး ဒီကနေ့အထိတိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတာကြောင့် ဒေသခံရွာသားတွေလည်း နေ့စဉ်နဲ့အမျှ စစ်ရှောင်နေရတယ်လို့ ပန်းမြောင်းရွာသား တဦးကပြောပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တနှစ်နီးပါး တိုက်ပွဲစဉ်အတွင်း စစ်ရှောင်ဦးရေ ၇၀,၀၀၀ နီးပါးရှိလာနေပြီးလို့ စစ်ရှောင် အကူညီပေးရေးအဖွဲ့ကနေ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG