သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ပိုင်းအဖွဲ့ ထိုးစစ်ဆင်မှုရပ်တန့်ထားမည်


TNLA တပ်ဖွဲ့ဝင်များ

ဒီရက်ပိုင်းတွေအတွင်း အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တာသာ လုပ်ဆောင် တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာချိန်မှာပဲ လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းက ကွတ်ခိုင် နဲ့ မူဆယ်အကြားမှာတော့ ကားတွေ ပိတ်ဆို့တားဆီးတာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံးအခြေအနေကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သြဂုတ်လ ၁၅ရက်နေ့ကစပြီး တံတားချိုးတာ၊ ကားတွေကိုကန့်လန့်ခံပြီး လမ်းပိတ်ဆို့တာနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေချိန်မှာပဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဒီကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြောက်ပိုင်းအဖွဲ့တွေက ထိုးစစ်ဆင်တာတွေ ရပ်တန့်လိုက်ပြီဖြစ်ကြောင်းကို TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က အခုလို ပြောပါတယ်။

“ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်တန့်ပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးလိုတဲ့ ဆန္ဒ ကျနော်တို့ ညီနောင်မဟာမိတ်မှာ ရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဒီ ထိုးစစ်ဆင် တိုက်ခိုက်မှုကို မပြုလုပ်တော့ဘဲနဲ့ မိမိကိုယ်ကို ခုခံ ကာကွယ်တဲ့ စစ်ပုံစံနဲ့ဘဲ ပြုလုပ်တော့မယ် ပေါ့နော။”

မဟာမိတ်အဖွဲ့တွေအနေနဲ့ အစိုးရဘက်ကို ပေးပို့ထားတဲ့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ်မူကြမ်းကို အတည်ပြုပြီး တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေက တစ်ဆင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်းလည်း ဆက်ပြောပါတယ်။

ဒီကနေ့ နေ့ခင်း အထိတော့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ အင်္ဂါနေ့ညပိုင်းမှာတော့ ကွတ်ခိုင်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။

“ ဒီနေ့တော့ တိုက်ပွဲ မရှိဘူး။ မနေ့ကတော့ ည ၇နာရီခွဲလောက်ကနေ ၈နာရီနီးပါးအထိ ဒီ ကွတ်ခိုင် ၊ နမ့်ခုတ်နားမှာ ဖြစ်တယ်။ ကျနော်တို့ အဖွဲ့က ဒီလမ်းကနေ ဖြတ်သွားတဲ့အချိန် တပ်ဘက်က လာပြီး တိုက်ခိုက်တဲ့အတွက် တိုက်ပွဲ ၂ဖက် အပြန်အလှန်ဖြစ်တယ်။ လက်နက်ကြီးတွေ တော်တော်လေး ပစ်ကြတယ်။ အဲဒါ ဘယ်သူ့ လက်နက်ကြီး ကျနော်တို့လည်း မသိဘူး။ ကားထိပြီး မီးလောင်သွားတယ်။ ဘယ်လောက်ထိလောင်လဲဆိုတာ အတိအကျ မသိရဘူး။”

အင်္ဂါနေ့ညက အခင်းဖြစ်ပွားရာမှာ ရှိနေတဲ့ ယာဉ်မောင်းတစ်ဦးကတော့ လက်နက်ကိုင်အဖွဲ့တွေက ကားတွေကို တားဆီးပြီး မီးရှို့ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“ ကားက ရှို့ခံရတာတော့ အစီး ၂၀လောက် ရှို့ခံရတာပေါ့။ လွတ်သွားတာတော့ ၁၀စီးကျော်လောက် လွတ်တယ်။ ၇စီးက ပြာကျသွားတာပေါ့။ အဲဒီ ၇စီးက ၁၂ဘီးကားက ၄စီး၊ AD van က တစ်စီး၊ ခွေးဘီလူးက တစ်စီး၊ အံစာတုံး တစ်စီး၊ ၇စီးပေါ့။ သူတို့က ပထမ ၁၂ဘီး box ကားကို အရင်တားတာပေါ့။ ပြီးတော့ ကျနော်တို့ ကားသေးလေးကို တားတာပေါ့။ ကားတွေက ထပ်ထပ်လာတော့ သူတို့ တားတာပေါ့။ ပြီးတော့ အဲဒီ ဖုန်းတွေ တောင်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။ အဲဒီမှာ သေနတ်သံတွေကြားရတယ်။ အဲဒီကြားရတဲ့အချိန်မှာ ကားသမားတွေအကုန်လုံး ထပြေးတယ်။ ပြေးပြီးတော့ သူတို့က ရှေ့ထိပ်က AD van တစ်စီးကို စရှို့တယ်။ နောက်ထိပ်က ၁၂ဘီးကတစ်စီးကို ရှို့တယ်ဗျ။ ကျနော့်ကားလေးလည်း ပါတာပေါ့ဗျာ။ ခွေးဘီလူးလေး။”

ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူတစ်ဦးကတော့ ဒီကနေ့ ကွတ်ခိုင်- မူဆယ် လမ်းပိုင်း အခြေအနေကို အခုလို ပြောပါတယ်။

“ ဒီမနက် ၈နာရီလောက်ကနေပြီးတော့ တော့ ကျနော်တို့ ခုနက တစ်နာရီလောက် ထိကတော့ ပွင့်နေတယ်လို့ ပြောတယ်ဗျ။ ခု တစ်နာရီလောက်မှာတော့ နမ့်ခုတ်ဒီဘက်နားမှာတော့ နည်းနည်းလေး ဟို ပြန်တားနေတယ်လို့ အဲလိုလေး သတင်းရတယ်။ ပြန်လှည့်လာတဲ့ ကားသမားတွေကတော့ ပြောတယ်။ အဲဒီနားလေးမှာ တစ်ချက် ပြန်ပိတ်နေတယ်ဆိုပြီး တစ်ချို့ ကားတွေ ပြန်လှည့်လာကြတယ်။”

ညနေ ၃နာရီလောက်မှ ကုန်တင်ကားတွေအပါအ၀င် အသွားအလာတွေ ပြန်ရှိလာကြောင်းလည်း နမ့်ဖတ်ကာက ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လအတွင်းက စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ တည်ငြိမ်မှုမရှိသေးဘဲနေ့စဉ် ကျပ် သန်းထောင်ချီ ဆုံးရှုံးနေကြောင်းလည်း ကုန်သွယ်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။

အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်အဖွဲ့တွေဟာ ဒီလ ၁၆ရက်နဲ့ ၁၇ရက်နေ့တွေမှာ အပစ်အခတ်ရပ်စဲရေးအတွက် ထပ်မံဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ လကုန်က ကျိုင်းတုံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ သဘောတူထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG