သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွတ်ခိုင်မြို့အနီး စစ်မီးမငြိမ်းသေး


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ်လမ်းပိုင်းက ကွတ်ခိုင်မြို့အနီးမှာ ဒီကနေ့ ကားလမ်းကို ပိတ်ဆို့တာတွေရှိခဲ့သလို တိုက်ခိုက်တာတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ မနေ့ညနေပိုင်းက ကွတ်ခိုင်မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဟွေခုတ်နဲ့ မန်ကန်စတဲ့ ကျေးရွာက လူ ၃၀၀နီးပါးလောက် မြို့ပေါ်ကို တိမ်းရှောင်လာတာတွေရှိနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းရဲ့ နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လ ၁၅ရက်နေ့က စတင်ခဲ့တဲ့ မန္တလေး- လားရှိုး- ကွတ်ခိုင်- မူဆယ် ပြည်ထောင်စုလမ်းပေါ်က တိုက်ပွဲတွေဟာ ရက် ၂၀ နီးပါး ကြာမြင့်လာတဲ့အထိ ငြိမ်သက်သွားတာ မရှိသေးဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ရှိပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“ ဒီမနက်ပိုင်းမှာတော့ ထိတွေ့ တိုက်ခိုက်မှု အနည်းငယ်တော့ ရှိတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရ သေးပါဘူး။ မနေ့ကတော့ ဒီ နေ့ခင်းပိုင်းလောက်မှာ နမ့်ဖတ်ကာရဲ့ တောင်ဘက် ရင်ကွဲတောင်မှာတော့ ပြည်ထောင်စု လမ်းမကြီးပေါ်မှာတော့ ကျနော်တို့ လမ်းလုံခြုံရေးဆောင်ရွက်သူတွေကို လာရောက် ပစ်ခတ်တာ ရှိတယ်။ အဲဒီမှာ ထိတွေ့မှု တစ်ကြိမ်ဖြစ်တယ်။ ညနေပိုင်းမှာတော့ ကျနော်တို့ ကွတ်ခိုင်ဘက်မှာ ကွတ်ခိုင်မြို့ကို အရင်ကလိုပဲ နှောက်ယှက် ပစ်ခတ်တိုက်ခိုက်ဖို့အတွက် ချဉ်းကပ်လာတာရှိတယ်။ အဲဒီ အင်အားစုတော်တော်များများ ချဉ်းကပ်လာတယ်။ အဲဒီချဉ်းကပ်လာတာ ကျနော်တို့ သတင်းရတဲ့အတွက် ကြိုတင်ချေမှုန်းလိုက်နိုင်တယ်။ အဲဒီ ထိတွေ့ တိုက်ခိုက်မှု ၂ခုတော့ ရှိပါတယ်။ ”

တနင်္လာနေ့က ကွတ်ခိုင်မြို့အနီး ဖြစ်ပွားတဲ့တိုက်ပွဲမှာ တပ်မတော်က စစ်ရဟတ်ယာဉ် ၂စင်းနဲ့ မိနစ် ၃၀နီးပါးလောက် ပစ်ခတ်ခဲ့ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA ခေါ် တအန်း(ပလောင်) တပ်ဖွဲ့ဘက်ကို မေးမြန်းနိုင်ဖို့ ဆက်သွက်ရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ကွတ်ခိုင်မြို့ အရေးပေါ်ကယ်ဆယ်ရေးကွန်ရက်အဖွဲ့က တာဝန်ရှိသူတစ်ဦးကတော့ ဒီနေ့ ဖြစ်ပွားတဲ့ လမ်းပိတ်ဆို့မှုနဲ့ တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ ဒီကနေ့ မနက်အစောပိုင်းကတော့ ရှုခင်းသာ တာဝါတိုင်ပတ်ဝန်းကျင်မှာ ကားကို ကန့်လန့်ခံပြီးတော့ ပိတ်ထားတယ်။ အခုတော့ ပြန်ပွင့်သွားပြန်ပြီခင်ဗျ။ ဒီနေ့ကတော့ ရှုခင်းသာဘက်မှာပဲ တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားရတယ်ခင်ဗျ။”

တနင်္လာနေ့ ညနေပိုင်း ကွတ်ခိုင်မြို့အနီးဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် အနီးအနားက ရွာသူ၊ ရွာသား ၃၀၀လောက် ကွတ်ခိုင်မြို့ပေါ်ကို တိမ်းရှောင်လာကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ မနေ့က ဖြစ်သွားတဲ့နေရာက ရွာသားတွေ ပြေးလာတာ ဒီနေ့ ၂၈၀လောက်ရှိတယ်။ ၂၈၀လောက်ကို ကျနော်တို့ ဒီ ကွတ်ခိုင်မြို့မှာ ဖွဲ့ထားတဲ့ လက်ရှိ ကွန်ရက်ကနေပြီးတော့ ဦးဆောင်ဦးရွက်နဲ့ သွားကြိုတယ် မနေ့က ။ ကြိုပြီးတော့ မဟာစည်ပေါ့နော်။ မဟာစည်ဘုန်းကြီးကျောင်းမှာ ထားတယ်။ ဒီနေ့ လက်ရှိအချိန်ထိကို ၂၈၀လောက်ရှိတယ်။ အကုန်လုံးဆိုရင်တော့ ပထမလက်ကျန်နဲ့ ဒီနေ့ ထပ်ရောက်တာနဲ့ ဆိုရင်တော့ ၁၆၀၀ လောက်ရှိမှာပေါ့။”

လတ်တလော ကွတ်ခိုင်မြို့ပေါ်ကို တိမ်းရှောင်လာသူ ၃၀၀လောက်ဟာ ဟွေခုတ်နဲ့ မန်ထန်ရွာဘက်က ဖြစ်ကြောင်းနဲ့ စစ်ရှောင်တွေကို နေရာ ၆နေရာမှာ နေရာချထားပေးပြီးမြို့နယ်အာဏာပိုင်တွေနဲ့ ပရဟိတအဖွဲ့တွေက ကူညီစောင့်ရှောက်ထားကြောင်း ပြောပါတယ်။

လက်ရှိ အစိုးရနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဖွဲ့တွေဟာ TNLA ခေါ် တအန်း(ပလောင်)၊ MNDAA ခေါ် ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေပါဝင်ပြီး မဟာမိတ်အဖွဲ့တွေက ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတာ မရခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်ထောင်စုလမ်းမပေါ်မှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာတာဖြစ်ပါတယ်။

ပြီးခဲတဲ့ လကုန်ပိုင်းကတော့ အစိုးရနဲ့ မဟာမိတ် ၃ဖွဲ့ ကျိုင်းတုံမြို့နယ် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးတာတွေ ရှိပေမဲ့ တိုက်ပွဲတွေက ဒီကနေ့ အထိ ဆက်လက်ဖြစ်ပွားနေသလို အခုလလည်ပိုင်းမှာလည်း ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG