သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေဝါရောင် လှုပ်ရှားမှု ဦးဆောင်သူ ဦးဂမ္ဘီရ ပြန်လည် လွတ်မြောက်


 ဦးဂမ္ဘီရ နဲ့ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ဦးရောဘတ်စန်းအောင်)
ဦးဂမ္ဘီရ နဲ့ ကုလအထူးကိုယ်စားလှယ် Ms Yanghee Lee တွေ့ဆုံ။ (သတင်းဓာတ်ပုံ- ဦးရောဘတ်စန်းအောင်)

ရွှေဝါရောင်လှုပ်ရှားမှုလို့ ထင်ရှားခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ ဦးဆောင် ရဟန်းတပါးဖြစ်ခဲ့တဲ့ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင် အပေါ် စွဲဆိုထားတဲ့ အမှုတွေ အားလုံးကို ဒီကနေ့မှာပဲ အာဏာပိုင်တွေ ရုပ်သိမ်းပြီး ပြန်လွှတ်ပေး လိုက်ပါတယ်။ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Yanghee Lee အပါအဝင် ပြည်တွင်းပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေက၊ ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေချိန်မှာပဲ အခုနောက်ဆုံး ပြန်လွှတ်ပေး လိုက်တာပါ။အကြောင်းစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ နဲ့ ပြီးခဲ့တဲ့ ဧပြီလက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်ခခံထားရတဲ့ ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင် အပေါ် နောက်ထပ် တရားစွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီသီတင်းပတ်ထဲမှာပဲ ရန်ကုန်တိုင်း ဗဟန်းနဲ့ သန်လျင်မြို့နယ် တရားရုံးတွေ က နောက်ထပ် တရားစွဲဆိုထားတဲ့ ဖောက်ထွင်းမှုပုဒ်မ ၄၅၄၊ ပိုက်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ အကျိုးစီးပွားဖျက်ဆီးမှု ပုဒ်မ ၄၂၇ တွေကို ရုပ်သိမ်းပြီး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ကျခံနေရတဲ့ ထောင်ဒဏ် ၆ လ ပြည့်တဲ့နေ့ မှာ ပြန်လွှတ်ပေး လိုက်တာ ဖြစ်တဲ့အကြောင်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

" ရွှေဝါရောင်က ပြန်ထွက်လာတဲ့ သံဃာတော်အရှင်သူမြတ်တွေက သီတင်းသုံးဖို့ နေရာမရှိဘူး။ အဲ့လို နေရာမရှိတော့ ဦးဂမ္ဘီရက ဦးဆောင်ပြီးတော့ ဒါတွေကို သော့ဖွင့်တာ။ အဲ့ဒီ့သော့ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဲ့ဒီ့အချိန် အဲ့ဒီ့ကာလတုန်းက အမှုတွေဖွင့်ပြီးတော့ ထားခဲ့တယ်။ အသိမပေးဘူး။ ဖမ်းလည်း မဖမ်းဘူး။ အခုကျမှ ၄၅၄၊ ၄၄၈၊ ၄၂၇ စွဲလာတယ် ဒီအမှုတွေကို။ မဟာအောင်မြေ မြို့နယ်တရားရုံးမှာ လဝက ၁၃(၁) နဲ့ ထောင်ခြောက်လ ချလိုက်တာ ဒီနေ့ပြည့်တဲ့နေ့။ ပြည့်တဲ့နေ့မှာ ရုတ်တရက်ဆိုသလို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ် ၄၉၄ အရ အခုလိုခြွင်းချက်မရှိ လွှတ်ပေးခြင်းကို ခံရတာပါ။ ၄၉၄ မှာ ဆိုထားတာက မည်သည့် အစိုးရအမှုလိုက်ရှေ့နေကမဆို ရုံး၏ သဘောတူချက်ကို ယူပြီး ဆုံးဖြတ်ချက် မတင်သည်ဖြစ်စေ၊ စွဲချက်မတင် သည်ဖြစ်စေ နှုတ် သိမ်းခြင်း ပြုနိုင်သည် တဲ့။ အဲ့ဒီ့အခါမှာ တရားရှင်လွှတ်ရမယ်လို့ ဆိုထားပါတယ်။ စွဲချက်တင်ပြီးမှ လွှတ်တယ်ဆိုရင်တော့ တရားသေလွှတ်ရမယ်တဲ့။"

သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်လှုပ်ရှားမှုအတွင်း ချိပ် ပိတ်ခံခဲ့ရတဲ့ ဗဟန်းနဲ့ သံလျင်မြို့နယ်တွေက ဘုန်းကြီးကျောင်းတွေထဲကို ကိုယ့်သဘောနဲ့ကိုယ် ချိုးဖောက်ဝင်ရောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံရဲတပ်ဖွဲ့နဲ့ အာဏာပိုင်တွေက တရားလိုလုပ် တရားစွဲဆိုခဲ့ကြတာပါ။

အခုအခါ ဒီအမှုတွေကို ပြန်ရုပ်သိမ်းပေး လိုက်တဲ့ အပေါ်မှာတော့ ရန်ကုန်မြို့ အင်းစိန်ထောင်က ဒီကနေ့ ပြန်လည် လွတ်မြောက်လာတဲ့ ဦးဂမ္ဘီရက အခုလို ပြောပါတယ်။

" အော် လွှတ်ပေးလိုက်တာကတော့ မစ်ယန်ယီးလီတို့က အလုပ်လုပ်တယ်ဗျ။ ယန်ဟီးလီက ထောင်ထဲအထိ ဝင်ဖို့လုပ်တာ ကျနော်နဲ့ မတွေ့ရဘူး။ အဲ့ဒီ့မှာ သူတို့က ကြိုပြီး လွှတ်ချလိုက်တာ။ အမှန်က ဒီနေ့ လွှတ်ဖို့ မဟုတ်သေးဘူး သူတို့။ တော်တော် ဝမ်းသာတယ်ပေါ့ဗျာ။ အကူအညီပေးကြတဲ့သူတွေ ဝိုင်းဝန်းပြီးတော့ အလုပ်လုပ်ပေးကြတဲ့သူတွေ အတွက် အဓိက ကတော့ မြန်မာပြည်သူလူထုနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် ကျနော် တော်တော်ဝမ်းသာနေတယ်။ ကျနော် ကြည်နူးနေတာ အဲ့တာကို။"

၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ် ၆၈ နှစ် အပြစ်ပေးခံခဲ့ရတဲ့ ဦးဂမ္ဘီရဟာ ထောင်တွင်းနေထိုင်ခဲ့ရတဲ့ အခြေအနေတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေပါ ခံစားနေရတဲ့အတွက် ပြန်လွှတ်ပေး ဖို့လည်း ပြည်တွင်း၊ ပြည်ပက လူ့အခွင့်အရေး လှုပ်ရှားသူတွေ က တောင်းဆိုခဲ့ကြ တာပါ။

ကုလကိုယ်စားလှယ်၊ ရှေ့နေ တို့နဲ့ ဦးဂမ္ဘီရတွေ့ဆုံနေစဉ်။
ကုလကိုယ်စားလှယ်၊ ရှေ့နေ တို့နဲ့ ဦးဂမ္ဘီရတွေ့ဆုံနေစဉ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ Yanghee Lee ဟာလည်း ဦးဂမ္ဘီရနဲ့ တွေ့ဆုံဖို့ ကြိုးစားခဲ့သေးတယ်လို့လည်း အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင် ကပြောပါတယ်။

" နိုင်ငံတကာ ပံ့ပိုးကူညီမှုရယ် ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေရယ် ပြည်ထောင်စုရှေ့နေ ချုပ် အပါအဝင် သံရုံးတွေရဲ့အကူအညီတွေ အားလုံးနဲ့ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ်ယန်ဟီးလီတို့ ရဲ့ ဆောင်ရွက်ချက်တွေအရ အခုလို အပြီးအပိုင် လွှတ်ပေးခြင်းကို ခံရတာပါ။"

ဦးဂမ္ဘီရ (ခေါ်) ဦးညီညီအောင် အခုနောက်ဆုံး ထောင်ကပြန်လည် လွတ်မြောက် လာတဲ့ အပေါ်မှာတော့ ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ကြိုဆိုကြောင်း Facebook လူမှုကွန်ယက်ကတဆင့် သတင်းစကားပါးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG