သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်မှုးချုပ်ဟောင်းအောင် ကြီး ကွယ်လွန်


ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူးချုပ် ဦးအောင်ကြီး
ခေတ်သစ် မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်ခဲ့စဉ်က တပ်မတော်ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်ခဲ့ဖူးသူ အငြိမ်းစားဗိုလ်မှူးချုပ် ဦးအောင်ကြီး ဟာ၊ အောက်တိုဘာ (၂၅) ရက်နေ့က အသက် (၉၄)နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့ပါပြီ။

အငြိမ်းစားဗိုလ်မှူးချုပ်အောင်ကြီးကို ၁၉၁၉ ခုနှစ်တွင် ပေါင်းတည်မြို့ ၌ မွေးဖွားခဲ့ပြီးတော့ ကျောင်းသားဘ၀မှာ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး
မြေအောက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ရာက၊ ဒုတိယ ကမ္ဘာစစ်ကာလ
ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)နဲ့ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့မှာ တပ်မတော်အရာရှိဖြစ်လာခဲ့ပါတယ်။ ဖက်ဆစ်တော် လှန်ရေးမှာ တိုင်းအမှတ် (၂) ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စစ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီးနေ၀င်းရဲ့ လက်အောက်ခံတပ်မှူး ဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာ စစ်အပြီး တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲမှာ ဖဆပလရဲ့ ပေါင်းတည် အမတ်ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ပြည်တွင်းစစ်အစပိုင်းအချိန်မှာ အမတ်အဖြစ်က နှုတ် ထွက်ခဲ့ပြီး စစ်ဝန်ထမ်းတပ်ရဲ့ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာက တပ်မတော်သို့ ပြောင်းရွှေ့ပြီး ၈-၂-၁၉၄၉ ရက်နေ့မှစ၍ ဗိုလ်မှူးကြီးအဆင့်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စတင်တွဲဖက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၅၉ မှာ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခံခဲ့ရပြီး ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်လာခဲ့ပါတယ်။

၁၉၆၂ ခုနှစ် မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ တော်လှန်ရေးကောင်စီတက်လာတဲ့အခါမှာ အငြိမ်းစား ဗိုလ်မှူးချုပ်အောင်ကြီးဟာ အာ ဏာသိမ်းအစိုးရရဲ့ ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့ပေမယ့်၊ ၁၉၆၃ ခုနှစ် စစ်မှုထမ်းခြင်းကနေ ရပ်စဲခံခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇)ရက် ကျောင်းသား များသွေးမြေကျခဲ့ရခြင်းနဲ့ လှုပ်ရှား သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီး ပျက်စီးသွားရခြင်းတို့အတွက် အမြင့်ဆုံး တာဝန်ရှိသူ ဖြစ်တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်၊ လူထုလှုပ်ရှားအုံကြွမှုကြီး မပေါ်ပေါက်ခင်မှာ ဦးနေ၀င်းထံသို့ စာမျက်နှာ(၄၁) မျက်နှာပါ အိတ်ဖွင့်ပေးစာတစ်စောင် ထပ်မံပေးပို့ခဲ့ပါတယ်။ လူထုအရေးတော်ပုံကြီး နောက်ပိုင်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းသောအခါ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး၊ ပါတီတွင်း နိုင်ငံ ရေး အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ရာက၊ ဦးအောင်ကြီး နှုတ်ထွက်သွားခဲ့ရပါတယ်။

၁၉၉၀ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ ဦးအောင်ကြီး တည်ထောင်တဲ့ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် တွင် ဦးအောင်ကြီး ပိုင်ဆိုင်တဲ့ အောင်ကြီး မုန့်တိုက်မှ ကြက်ဥဖိုးငွေများ ရှင်းရန် ပျက်ကွက်တယ်လို့ စွပ်စွဲခံရပြီး ၄င်းအမှုဖြင့် ထောင်ဒဏ် (၆) လ အပြစ်ပေးခြင်း ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG