သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ကန်သမ္မတဟောင်းအတွက် တနိုင်ငံလုံးကြေကွဲမှုနေ့ သတ်မှတ်


အမေရိကန်နိုင်ငံရဲ့ ၄၁ ယောက်မြောက် သမ္မတဖြစ်တဲ့ သမ္မတဟောင်း George H.W. Bush ပြီးခဲ့တဲ သောကြာနေ့က ကွယ်လွန်သွားပြီးတဲ့နောက် ၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က လာမယ့် ဗုဒ္ဓဟူးနေ့ကို တနိုင်ငံလုံးကြေကွဲဝမ်းနည်းဖွယ်နေ့အဖြစ်နဲ့ သတ်မှတ်ကြေညာလိုက်ပါတယ်။ သမ္မတ George Bush ဟာ ၁၉၈၉ ကနေ ၉၂ ခုနှစ်အထိ သမ္မတအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သက်တမ်းတကြိမ်သာ တာဝန် ထမ်းဆောင်ခဲ့တဲ့ သမ္မတတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ သမ္မတ Bush အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ James Baker က ပြောပါတယ်။

၁၉၉၁ ခုနှစ်က အီရတ်နိုင်ငံက ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ခဲ့ချိန်က ၊ သမ္မတ Bush က အမေရိကန်တပ်တွေကို ပင်လယ်ကွေ့ဒေသကို စေလွှတ်ပြီး ဆဒမ်ဟူစိန်ရဲ့ အီရတ်တပ်တွေ နဲ့ ပင်လယ်ကွေ့စစ်ပွဲကို ဆင်နွဲခဲ့ပါတယ်။ သမ္မတဟောင်း George Bush ဟာ ဒုတိယကမ္ဘာစစ် အတွင်း အမေရိကန်ရေတပ်ရဲ့ လေယာဉ်မှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အမေရိကန်လွှတ်တော်အမတ်၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်၊ အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ CIA ညွှန်ကြားရေးမှူး၊ စတာတွေအဖြစ်နဲ့ တာဝန် ထမ်းဆောင်ခဲ့သလို၊ သမ္မတ ရော်နယ်ရေဂင်လက်ထက်မှာတော့ ဒု-သမ္မတအဖြစ် နဲ့ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ George Bush ရဲ့ ရုပ်အလောင်းကို အများပြည်သူတွေ နောက်ဆုံးအနေနဲ့ လာရောက် နှုတ်ဆက် ဂါရ၀ ပြုနိုင်အောင် ဒီကနေ့ တနင်္လာနေ့ ညနေပိုင်း ကစပြီး အမေရိကန်လွှတ်တော်ပင်မအဆောက်အအုံမှာ ဗုဒ္ဓဟူးနေ့ အထိ ထားရှိသွားမှ ာဖြစ်ပြီး၊ အဲဒီနောက် ဗုဒ္ဓဟူးနေ့ကျရင် ဝါရှင်တန်က နိုင်ငံတော်ဘုရားကျောင်းမှာ နိုင်ငံတော်ဈာပန အခမ်းအနားကိုကျင်းပသွားမှာဖြစ်ပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့ ရုပ်အလောင်းကို သူ့ရဲ့ Texas ပြည်နယ်ကို ပြန်သယ်ဆောင်ပြီးသူ့ ရဲ့ သမ္မတစာကြည့်တိုက်ရှိရာနေမှာ မြေမြှုပ်သဂြိုဟ်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG