သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးခိုလှုံခွင့် ပြဿနာ


Germany Asylum Seekers
Germany Asylum Seekers

တခြားဥရောပနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုပဲ ဂျာမနီနိုင်ငံဟာလည်း ရွှေ့ပြောင်းနေထိုင်လိုသူတွေ ဝင်လာတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါကို ဥပဒေတရပ်ပြဌာန်းပြီး ဖြေရှင်းနိုင်ဖို့ ဂျာမနီအစိုးရကကြိုးစားနေတာကို အေပီ တင်းဆောင်းပါးတွေကို ခြေခံပြီး ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ရုရှားကျူးကျော်စစ်ကြောင့် ထွက်ပြေးလာကြတဲ့ ယူကရိန်းဒုက္ခသည် ၁ သန်းအပြင် ဂျာမနီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြသူတွေက တိုးသထက်တိုးလာတာကြောင့် ယာယီခိုလှုံရာစခန်းတွေမှာ ဒုက္ခသည်တွေနဲ့ ပြည့်နေပါတယ်။ ဒါက ဂျာမနီတလွှားမှာ ကြုံနေကြရတဲ့ပြဿနာပါ။ ဒေသန္တရနဲ့ ပြည်နယ်အဆင့် တာဝန်ရှိသူတွေဟာ ဗဟိုအစိုးရဆီက ဘတ်ဂျက်ချထားပေးဖို့ ပိုတောင်းဆိုနေကြပါတယ်။ အောက်ခြေမှာ ဒီ ပြဿနာကိုရင်ဆိုင်နေရတဲ့ ရဲအရာရှိ Frank Malack က ခုလို ပြောပါတယ်။

“နွေကတည်းက ဝင်လာကြတဲ့သူတွေ ကို ဖမ်းမိတာက လွန်ခဲ့တဲ့အပတ်တွေမှာ တောက်လျှောက် တက်နေပါတယ်။ ဒီမှာ ကျနော်တို့က နေ့စဥ်ကြုံတွေ့နေကြရတာပါ။ လူအုပ်လိုက်.. တနေရာရာမှာ ချသွားပါတယ်။ တခါတလေ အယောက် ၃၀ အထိ ရှိပါတယ်။ ဒါမှမဟုတ် အဖွဲ့အသေးလေးတွေအဖြစ် တွေ့ရပါတယ်။”

ဒီလူဝင်မှုပြဿနာက နိုင်ငံရေး ဖြစ်လာပါတယ်။ အောက်တိုဘာ ၂၉ ပြည်နယ်ရွေးကောက်ပွဲ ၃ ခုမှာ ကွန်ဆာဗေးတစ် အတိုက်အခံအုပ်စုက ၂ ခုမှာ အနိုင်ရသွားခဲ့ပါတယ်။ Olaf Scholz အစိုးရက အဆိုပြုချက်တရပ် ဆုံးဖြတ်လိုက်တာကို ပြည်ထဲရေးဝန်ကြီး Nancy Faeser က နိုဝင်ဘာလ ၁ ရက်နေ့မှာ ခုလို ပြောပါတယ်။

“ဒီကနေ့ အဆိုပြုချက်အရ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူတွေကို အစောဆုံး ၃ လ၊ နောက်အကျဆုံး ၆ လ မှာ အလုပ်လုပ်ခွင့်ပေးပါလိမ့်မယ်။ ဒါ့အပြင် ယာယီနေထိုင်ခွင့်ရသူတွေကို အလုပ်လုပ်ခွင့်လက်မှတ် အနာဂတ်မှာ ထုတ်ပေးတာသဘောတူဖို့လည်း ကျမတို့ တောင်းဆိုထားပါတယ်။ တချိန်တည်းမှာပဲ လုံခြုံစိတ်ချရတဲ့တိုင်းပြည်ကလာတဲ့သူတွေ၊ နိုင်ငံရေးခိုလှုံဖို့ အကြောင်းမခိုင်လုံတဲ့သူတွေ ဒါမှမဟုတ် ကိုယ် ဘယ်သူဘယ်ဝါ မပြသနိုင်တဲ့သူတွေကိုတော့ အလုပ်လုပ်ခွင့်ပြုမှာမဟုတ်ပါဘူး။”

ပြီးခဲ့တဲ့လတုန်းက ဝန်ကြီး Faeser က ဂျာမနီအရှေ့ပိုင်း ပိုလန် နဲ့ ချက်သမ္မတနိုင်ငံ နယ်စပ်ဝင်ပေါက်စစ်ဆေးရေးကို အားဖြည့်လိုက်ပါတယ်။ ဂျာမနီနဲ့ ပိုလန်နိုင်ငံကြား နိုင်ဇာ (Neisse) မြစ်ကူး သံလမ်းတံတားမှာ ကြုံရပုံကို ရဲအရာရှိ Frank Malack က ခုလို ပြောပြပါတယ်။

“ယာဥ်တွေထဲမှာလည်း သူတို့ကို တွေ့ရတာပါပဲ။ ဒီအဖွဲ့ဆိုရင် ပိုလန်နိုင်ငံဘက်မှာ ချသွားခဲ့တာပါ။ ရထားလမ်းတံတားအတိုင်း သူတို့က လျှောက်လာကြတာ ကျနော်တို့နဲ့ ဒီမှာတွေ့တာပါပဲ။ ဗင်ကားတွေနဲ့လည်း အုပ်စုလိုက်လာကြတာတွေ့ရပါတယ်။ အမျိုးမျိုးပေါ့။ မကြာခင် ရက်သတ္တပတ်တွေအတွင်းကဆိုရင် လူ ၁၀၀ အထိတောင် ဖြစ်လာပါတယ်။ တခါတလေ တရာကျော်ပါတယ်။”

ကိုယ့်နိုင်ငံမှာ အကြောင်းအမျိုးမျိုးအရ အနေခက်လာကြတာကြောင့် ပြောင်းရွှေ့အခြေချလိုကြသူတွေအတွက် လူခိုးသွင်းပေးတဲ့ လုပ်ငန်းတွေလည်း ရှိလာခဲ့ပါတယ်။ ဒီလို လုပ်ဆောင်နေကြသူတွေအပေါ်တော့ ဂျာမနီနိုင်ငံက ပြင်းပြင်းထန်ထန် ကိုင်တွယ်မှာကို ပြည်ထဲရေးဝန်ကြီးက ခုလို ပြောပါတယ်။

“ရက်စက်၊ အညှာအတာမဲ့၊ မသမာတဲ့ လူခိုးသွင်းရာဇဝတ်မှုတွေကို တိုက်ဖျက်ရေးက ကျွန်မတို့ရဲ့ ထိပ်တန်း ဦးစားပေးလုပ်ငန်းပါ။ ဒါက ရာဇဝတ်မှု ဖြစ်ပါတယ်။ အနာဂတ်မှာ လူခိုးသွင်းတာနဲ့ ပတ်သက်နေတဲ့အမှုတွေအတွက် အနည်းဆုံး ပြစ်ဒဏ်က တစ်နှစ်ပါ။ ခိုးသွင်းတာကတော့ သေဒဏ်၊ တသက်တကျွန်းဒဏ် ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းနဲ့ လူခိုးသွင်းမှုနောက်ကွယ်ကလူတွေကို ဖော်ထုတ်ပြီး မသမာတဲ့လူကုန်ကူးကွန်ယက်တွေကို တိုက်ဖျက်သွားမှာဖြစ်ပါတယ်။”

အသစ်ရောက်လာတာကို လျှော့ချဖို့ ကြိုးစားပြီး နိုင်ငံရေးခိုလှုံခွင့် မအောင်သူတွေပြန်ပို့ရာမှာ လွယ်ကူအောင်လုပ်သလိုပဲ ဒုက္ခသည်တွေအတွက် အလုပ်လုပ်နိုင်အောင်လည်း အစိုးရရဲ့ဥပဒေကြမ်းက ရည်ရွယ်ပါတယ်လို့ ဝန်ကြီးချုပ် Scholz ကလည်း ပြောပါတယ်။ ရွှေ့ပြောင်းနေထိုင်ကြသူတွေရဲ့ အသိုက်အဝန်းဆိုင်ရာအလုပ်တွေကို လုပ်နိုင်အောင် ဒေသန္တရတာဝန်ရှိသူတွေကို ဒီ ဥပဒေကြမ်းက ထောက်ကူပါလိမ့်မယ်လို့လည်း ရှို့ဇ်က ဆိုပါတယ်။ ဥပဒေကြမ်းကို ပါလီမန်က အတည်ပြုရဦးမှာပါ။

XS
SM
MD
LG