သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ဂျာမနီဝန်ကြီးချုပ် သမ္မတပူတင်နဲ့ ဆွေးနွေး


ဂျာမနီ  ဝန်ကြီးချုပ် အိုလော့ဖ် ရှုဇ် (ဝဲ) နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် (ယာ)
ဂျာမနီ  ဝန်ကြီးချုပ် အိုလော့ဖ် ရှုဇ် (ဝဲ) နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင် (ယာ)

ဂျာမနီ ဝန်ကြီးချုပ် အိုလော့ဖ် ရှုဇ် (Olaf Scholz) ဟာ ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သောကြာနေ့က ဆွေးနွေးခဲ့ပါတယ်။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် စတင်အပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ၂ နှစ်နီးပါးအတွင်းမှာ အနောက်နိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံတခုရဲ့ ခေါင်းဆောင် တယောက်ဟာ ရုရှား ခေါင်းဆောင် ပူတင်နဲ့ ပထမဆုံးအကြိမ် ဆက်သွယ် စကားပြောတာပါ။

ယူကရိန်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လမ်းဖွင့်ဖို့ ပူတင်ကို တောင်းဆိုခဲ့ကြောင်း ရှုဇ် (Scholz) ရဲ့ ရုံးက သတင်းထုတ်ပြန်ပါတယ်။ “တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး” အတွက် လမ်းဖွင့်ပေးနိုင်ဖို့ ပူတင်အနေနဲ့ ယူကရိန်း နဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဂျာမန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါပေမယ့် ပူတင်ကတော့ ယူကရိန်း အနေနဲ့ အနောက်နိုင်ငံတွေရဲ့ အဖွဲ့ဖြစ်တဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ် နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးစားချက်တွေ ရပ်တန့်ဖို့ အပါအဝင် ရုရှားရဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ လုံခြုံရေး တောင်းဆိုချက်တွေကို အသိအမှတ်ပြုရမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး Volodymyr Zelenskyy က လည်း ဒီဖုန်းခေါ်ဆိုမှုဟာ မဟာမိတ်နိုင်ငံတွေရဲ့ ရုရှားကို ပစ်ပယ်ထားတဲ့ လုပ်ရပ်ကို ပျက်ပြယ်စေတဲ့ အပြင် ယူကရိန်းစစ်ပွဲကို တရားမျှတမှုရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်နိုင်ဖို့ လုပ်ဆောင်ချက်တွေကို အားနည်းစေခဲ့တယ်လို့ ဝေဖန်ပါတယ်။

မကောင်းတဲ့ ကပ်ဘေးတွေရဲ့ အစလို့ ညွှန်းဆိုကြတဲ့ ရှေးဟောင်း ဂရိဒဏ္ဍာရီတခုကို ယူကရိန်းခေါင်းဆောင်က ကိုးကားပြီး "ပန်ဒိုရာသေတ္တာ" ကို သွားဖွင်လိုက်သလိုပဲလို့ ပြစ်တင်ပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရ သစ်က ယူကရိန်း အရေးမကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ ထင်ကြေးပေးမှုတွေ ထွက်နေချိန်မှာပဲ အခု ဂျာမန် ခေါင်းဆောင်ရဲ့ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာတာပါ။

ယူကရိန်း သမ္မတ ဇလန်းစကီး ကတော့ “အလားတူ တခြားစကားပြောဆိုမှုတွေ၊ တခြားဖုန်းခေါ်ဆိုမှုတွေလည်း ရှိနိုင်ပါတယ်" လို့ ထောက်ပြပြီး "ဒါက ပူတင်လိုချင်တိုင်း အတိအကျ ဖြစ်လာတာ ဖြစ်တယ်” လို့ ဆိုပါတယ်။ ပူတင် အတွက်ကတော့ သူ့ကို ဖယ်ကြဥ်ထားတာကို အားနည်းသွားစေဖို့နဲ့ ဘာကိုမှ ခရီမပေါက်တဲ့ သာမန် လုပ်ရိုးလုပ်စဥ် ညှိနှိုင်းမှုတွေကို လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးနေတယ်” လို့ ဇလန်းစကီးက ထောက်ပြပါတယ်။ ရုရှားဟာ ကောင်းမွန်တဲ့ စိတ်စေတနာနဲ့ စေ့စပ်ညှိနှိုင်းပြီး စစ်ပွဲကို အဆုံးသတ်ဖို့ အသင့်မဖြစ်သေးကြောင်းနဲ့ ယူကရိန်း အနေနဲ့ကလည်း အနာဂတ်မှာ ရုရှားရဲ့ ထိုးစစ်တွေကို တားဆီးနိုင်ဖို့ အတွက် အပစ်အခတ်ရပ်စဲရေး မလုပ်မီ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက် လိုအပ်ကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG