ဂျာမနီနိုင်ငံ အနောက်ပိုင်းက Muenster မြို့မှာ လူအုပ်ထဲ ဗင်ကားနဲ့ဝင်တိုက်မှုဖြစ်ပွားပြီး လူအများအပြားသေဆုံးဒဏ်ရာရရှိသွားတယ်လို့ ဂျာမနီရဲကပြောပါတယ်။ မြို့ထဲက သမိုင်းဝင် မြို့လည်မှာ ရှိတဲ့ ဘီယာဆိုင်ရှေ့မှာ ထိုင်နေကြတဲ့ လူတွေဆီကို ပစ္စည်းသယ်ဗင်ကားက မောင်းဝင်တိုက်လို့ လူဆယ်ဂဏန်းသေဆုံးတဲ့အပြင် လူသုံးဆယ်လောက်လည်း ဒဏ်ရာရသွားတယ်လို့ အစောပိုင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
ယာဉ်မောင်းက သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ ရဲဌာန ပြောရေးဆိုခွင့်ကို ကိုးကားပြီး ရုပ်မြင်သံကြား သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ တရားဝင်ထုတ်ဖော်မပြောသေးပေမဲ့လည်း တာဝန်ရှိသူတွေက ဒီတိုက်ခိုက်မှုကို တမင်တကာကြံစည်တိုက်ခိုက်မှုအဖြစ် သဘောထားပြီး ကိုင်တွယ်နေတယ်လို့ ရဲ ကပြောကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကတော့ ဒီဖြစ်ရပ်ကြောင့် သေဆုံးဒဏ်ရာရသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းန့ည်းကြေကွဲပါကြောင်း ချက်ခြင်းပြောကြားခဲ့ပါတယ်။
ဒီနှစ်အပိုင်းတွေအတွင်း အခုလို လူအုပ်ထဲ ကားနဲ့ မောင်းဝင်တိုက်တဲ့ တိုက်ခိုက်မှုတွေဟာ အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတချို့မှာ တော်တော်လေး ဖြစ်ပွားခဲ့တာတွေ့ရပြီး နောက်ဆုံးတခေါက်ကတော့ နယူးယောက်မြို့လည်မှာဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ၈ဦးသေဆုံးခဲ့ပြီး အများပြားဒဏ်ရာရခဲ့ပါတယ်။