သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေယာဉ်ဖောက်ခွဲဖျက်ဆီးမယ့် အစီအစဉ် သြစတေးသျှရဲ ဖော်ထုတ်ဖမ်းဆီး


လေယာဉ်တစင်းကို ဖောက်ခွဲပစ်ဖို့ အကြမ်းဖက်ဝါဒစွဲ လျို့ဝှက်ကြံစည်မှုတခုကို သြစတေးလျရဲတွေက ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းကို သုံးပြီး လေယာဉ်တစင်းကို ဖောက်ခွဲမယ့် အစီအစဉ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိထားတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

လက်နက်ကိုင် ရဲတွေနဲ့ သြစတေးလျ ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ဝင်တွေ မနေ့ စနေနေ့က ဆစ်ဒနီမြို့တွင်း စီးနင်းရှာဖွေမှုမှာတော့ လူ ၄ ဦးကို ဖမ်းဆီးထားပါတယ်။ အမျိုးသမီး တဦးကတော့ ဖမ်းဆီးခံရသူတွေထဲမှာ ပါတဲ့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ အစွန်းရောက်မှုတွေနဲ့ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆန် ပြောဆိုပါတယ်။ အခု စီးနင်းမှုတွေက အစ္စလာမ် အစွန်းရောက် ကြံစည်မှု တခုနဲ့ ဆက်စပ်နိုင်ခြေ ရှိတယ်လို့ အကြီးတန်း ရဲအရာရှိတွေက ပြောဆိုကြပေမယ့်လည်း အချိန်၊ နေ့ရက်၊ ဒေသတို့နဲ့ ပတ်သက်လို့တော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဝင်ရောက်စီးနင်းဖို့ အတွက် အစီအစဉ် မရှိခဲ့ပေမယ့်လည်း ရဲဘက်က သတင်းပေးချက်ရရှိပြီးနောက်မှာ ခပ်မြန်မြန် တုံ့ပြန် ဆောင်ရွက်တာ ဖြစ်ပါတယ်။

အကွက်ကျကျ လျို့ဝှက်ကြံစည်မှု တခုကို အာဏာပိုင်တွေ ဖော်ထုတ်ရရှိလိုက်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်လို့ သြစတေးလျ ဝန်ကြီးချုပ် Macolm Trunbull က ပြောပါတယ်။ ဆစ်ဒနီ လေဆိပ်ကိုတော့ လုံခြုံရေး တိုးမြှင့်ထားပြီး နိုင်ငံတွင်း နေရာတချို့ကိုလည်း လုံခြုံရေး တိုးထားပါတယ်။ လေယာဉ်စီး ခရီးသည်တွေ စိတ်အေးအေးထားပြီး စိတ်ချယုံကြည်မှုအပြည့်နဲ့ သွားလာကြဖို့လည်း ဝန်ကြီးချုပ် Turnbull က တိုက်တွန်းထားပါတယ်။ သြစတေးလျ နိုင်ငံရဲ့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ အဆင့်သတ်မှတ်ချက်နဲ့ သတိပေးထားပါတယ်။ တဦးချင်း ဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်တာ၊ တိုက်ခိုက်လာနိုင်တဲ့ အခြေအနေ ရှိတယ်လို့ လုံခြုံရေး အဖွဲ့အစည်းတွေဘက်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG