သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာအဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုနဲ့ မတည်ငြိမ်မှုတွေ တိုးများလာ


၂၀၁၆ ခုနှစ်အတွင်း နိုင်ငံအတော်များများမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေ စံချိန်တင်အောင်တိုးလာခဲ့တယ်လို့ အခုနောက်ဆုံးထုတ်ပြန်လိုက်တဲ့ Global Peace Index ကမ္ဘာတဝန်းငြိမ်းချမ်းရေး မှတ်တမ်းတင်တဲ့အညွှန်းကိန်းမှာ ဖေါ်ပြလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ပထမဆုံးအကြိမ်းအဖြစ် ငြိမ်းချမ်းမှုလျော့ကျတဲ့ အဖြစ်ကို တွေ့ကြုံနေရတယ်လို့ဆိုပါတယ်။ VOA သတင်းထောက် Jesusemen Oni က သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

Global Peace Index အစီရင်ခံစာဟာ ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားနေတဲ့ အဆင့်ကိုလည်းမှတ်တမ်းတင်ထားသလို၊ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စီးပွားရေးမှာ ဒေါ်လာသန်းပေါင်း ၁၄.၃ ထရီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ ဖေါ်ပြလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတဝန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ အစိုးရတွေအပေါ် မကျေနပ်လို့ ဒေါသထွက် ရုန်းရင်ဆန်ခတ်မှုတွေကြောင့် သေဆုံးနေတဲ့ရုပ်အလောင်းတွေမရေတွက်နိုင်အောင် များပြားခဲ့ပြီး၊ မနှစ်ကတနှစ်တည်းမှာဘဲ စီးပွားရေးအရ ဒေါ်လာ ထရီလီယံနဲ့ချီ နစ်နာဆုံးရှုံးခဲ့ရပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ၂၀၁၆ ခုနှစ်မှာ မဆိုသလောက်တိုးတက်မှုရှိခဲ့ပေမဲ့၊ ပဋိပက္ခတွေကြောင့် ၁၀ နှစ်ဆက်တိုက် ငြိမ်းချမ်းမှုယိုယွင်းလာတာတွေ့ရတယ်လို့ ကမ္ဘာ့ငြိမ်းချမ်းရေးအညွှန်းကိန်း အစီရင်ခံစာက မှတ်တမ်းတင်ထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ပဋိပက္ခနဲ့ လုံခြုံရေး အခြေအနေအဆင့်ကို နှစ်စဉ်မှတ်တမ်းပြုစုပြီး အစီရင်ခံစာထုတ်ပြန်နေတာဖြစ်တယ်လို့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး Michelle Breslauer ကပြောပါတယ်။

“ကမ္ဘာတဝန်းငြိမ်းချမ်းရေးဟာ အခုချိန်မှာ တိုးတက်လာတယ်ဆိုပေမဲ့၊ ဥပမာ အမေရိကန်ပြည်ထောင်စုမှာ ငြိမ်းချမ်းမှုကျဆင်းလာတာတွေ့ရပါတယ်။ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းမှာလည်း ငြိမ်းချမ်းမှုက ဆက်ပြီး ယိုယွင်းနေတာပါ။ ငြိမ်းချမ်းမှုအရှိဆုံးနိုင်ငံတွေနဲ့ မငြိမ်းချမ်းဆုံးနိုင်ငံတွေကြား မညီမျှမှုအဆင့်က ပိုတိုးလာတွေ့ရပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာတဝန်းငြိမ်းချမ်းမှု ကွာဟချက်က အတော်လေးကျယ်ပြန့်နေတဲ့သဘောပါဘဲ။”

၂၀၁၆ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲပြီးကတည်းက နိုင်ငံရေးအမြင်ပွဲပြားမှုတွေ၊ ရဲတပ်ဖွဲ့ဝင်တွေပါဝင်ပတ်သက်တဲ့ သေဆုံးမှုတွေကြောင့်ဖြစ်ပေးနေတဲ့ တင်းမာမှုတွေ၊ နောက်လူသတ်မှုတွေ၊ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု အဖြစ်အပျက်တွေကြောင့် အမေရိကန်တခွင် ငြိမ်းချမ်းမှု ကျဆင်းနေတာဖြစ်တယ်လို့ Michelle Breslauer ကသုံးသပ်ပါတယ်။

“ တကယ်တော့ အမေရိကန်ပြည်တွင်းပဋိပက္ခတွေကို သုံးသပ်ချက်အရ၊ ငြိမ်းချမ်းမှုအဆင့်ဟာ အခု ၁၆၃ အနက် ၁၁၄ ဖြစ်သွားပြီး ၁၁ ဆင့်လျော့ကျသွားတာဖြစ်ပါတယ်။ အမေရိကန်လူ့ဘောင်အသိုင်းအဝိုင်းကြားမှာ နိုင်ငံရေးအမြင်ကွဲပြားမှုတွေ၊ ဆန္ဒပြတာတွေ၊ နောက် ရဲတပ်ဖွဲ့တွေရဲ့အကြမ်းဖက်ကိုင်တွယ်မှုတွေကြောင့် လူမဲတွေကို အကာအကွယ်ပေးဖို့ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာတွေကြောင့် ငြိမ်းချမ်းမှုအဆင့်လျော့ကျခဲ့တာဖြစ်ပါတယ်။”

နိုင်ငံ ၂၃ နိုင်ငံမှာတော့ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုတွေ မှတ်တမ်းတင်ရလောက်အောင်တိုးလာတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဒီအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ဥရောပတခွင်ကတော့ အငြိမ်းချမ်းဆုံးအခြေအနေမှာရှိနေတယ်လို့ဆိုပေမဲ့၊ ပြင်သစ်၊ Belgium နဲ့ ဗြိတိန်နိုင်ငံတွေမှာတော့ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်ခံရတာတွေရှိခဲ့တာကြောင့် သိသာတဲ့ ရိုက်ခတ်မှုတွေရှိပါတယ်။ ဆီးရီးယားနိုင်ငံကတော့ ၅ နှစ်ဆက်တိုက် မငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ အာရှနဲ့ ပစိဖိတ်ဒေသ ၁၉ နိုင်ငံအနက် ငြိမ်းချမ်းမှုအဆင့် ၁၅၊ ကမ္ဘာတဝန်း ၁၆၃ အနက် အဆင့် ၁၀၄ မှာ မှတ်တမ်းတင်ခံရပါတယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး NLD အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း အကြမ်းဖက်ဆန္ဒပြမှုတွေလျော့ပါးလာသလို၊ နိုင်ငံရေးအရ အထိုက်အလျောက်တည်ငြိမ်လာပေမဲ့၊ တိုင်းရင်းဒေသတွေမှာ စစ်တပ်နဲ့ တိုင်းရင်းလက်နက်ကိုင်တွေအကြား တိုက်ခိုက်တာတွေကတော့ ရှိနေဆဲပါဘဲလို့ အမေရိကန်အခြေစိုက် ကမ္ဘာတဝန်း ငြိမ်းချမ်းရေးနဲ့ စီးပွားရေးသုတေသနဌာနရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG