သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာဗုံးကွဲမှု ဆက်နွယ်ပြီး နောက်ထပ်၃ဦး ဖမ်းဆီး


ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ဂီတဖျော်ဖြေပွဲမှာ တနင်္လာနေ့တုန်းက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့မှုနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူ ၃ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဝရမ်းမိန့်နဲ့ မန်ချက်စတာတောင်ပိုင်းမှာ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာ ဖြစ်ကြောင်း မန်ချက်စတာဒေသ ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ ဖမ်းဆီးလိုက်တဲ့ လူ ၃ ဦးနဲ့ ပတ်သက်လို့ အသေးစိတ် သတင်းအချက်အလက်တွေကိုတော့ မသိရသေးသလို၊ အင်္ဂါနေ့က ဖမ်းဆီးထားသူ တဦးဟာလည်း အသက် ၂၃ နှစ်အရွယ် ဖြစ်ကြောင်းသာ သတင်းထုတ်ပြန်ထားပြီး တိုက်ခိုက်မှုနဲ့ ဘယ်လို ပတ်သက်သလဲ ဆိုတာကိုလည်း မသိရပါဘူး။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး Amber Rudd ကတော့ အသက် ၂၂ နှစ်အရွယ် အသေခံဗုံးခွဲသမား Salman Abedi ဆိုသူကို ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့အစည်းတွေက တိုက်ခိုက်မှု မတိုင်ခင်မှာကတည်းက သတိပြုသိရှိထားသူတဦး ဖြစ်ကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ တိုက်ခိုက်မှုကို သူတဦးတည်းက စီစဉ်ခဲ့ပုံ မရဘူးလို့လည်း BBC သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

တခြားအဖွဲ့အစည်း တခုခုနဲ့ ဆက်နွယ်မှု ရှိမရှိ ဆိုတာကိုတော့ တနင်္လာနေ့ တိုက်ခိုက်မှု နောက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးနေကြတာပါ။ ဗြိတိန်နိုင်ငံ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးဌာန အကြီးအကဲ Mark Rowley ကတော့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေရှိနေပြီး၊ သဲလွန်စအများအပြားလည်း ရရှိထားတဲ့အကြောင်း အင်္ဂါနေ့နှောင်းပိုင်းမှာပဲ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အသေခံဗုံးခွဲသူဟာ တယောက်တည်း ကျုးလွန်ခဲ့တာ ဟုတ်မဟုတ် မပြောနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ နောက်တကြိမ် အကြမ်းဖက် တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်လိုက်ပြီး နောက်မှာပဲ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးဌာန အကြီးအကဲရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ သတိပေးချက်ကို တိုးမြှင့်လိုက်ပြီး နောက်မှာပဲ ဖျော်ဖြေပွဲတွေ၊ ဘောလုံးပွဲတွေ အပါအဝင် တချို့နေရာတွေမှာ လက်နက်ကိုင် စစ်သား လုံခြုံရေး အစောင့်အရှောက်တွေ ချထားတာကိုလည်း တွေ့ကြရပါတယ်။

အမေရိကန် ပေါ့ပ်အဆိုတော့ Ariana Grande မန်ချက်စတာ အားကစားရုံမှာ ဖျော်ဖြေနေစဉ် ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်း လူ ၂၂ ယောက်ထက်မနည်း သေဆုံးပြီး၊ ၅၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဗုံးဖောက်ခွဲသူကတော့ တိုက်ခိုက်မှု အတွင်းမှာပဲ သေဆုံးခဲ့တာပါ။ IS အစ္စလာမ်အစွန်းရောက် စစ်သွေးကြွအဖွဲ့ကတော့ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ သူတို့ရှိနေတယ်လို့ ဆိုပေမဲ့ ဗြိတိန်နဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းကတော့ အတည်ပြုပြောဆိုတာမျိုး မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG