သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု အစိုးရ သတင်းထုတ်ပြန်မှု အားနည်းနေသေး


Confetti flies at the start of the Macy's Thanksgiving Day Parade in New York.
Confetti flies at the start of the Macy's Thanksgiving Day Parade in New York.

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ သေနတ်ပစ် လုပ်ကြံခံရတဲ့ NLD ပါတီဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုနဲ့ပတ်သက်လို့ အစိုးရနဲ့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က ခုချိန်ထိ သတင်းထုတ်ပြန်မှု အားနည်းနေသေးတယ်လို့ သတင်းသမားတွေက ဝေဖန်လိုက်ကြ ပါတယ်။ ဦးကိုနီ လုပ်ကြံခံရတာ ၂ ပတ်ပြည့်လာတဲ့ အချိန်ထိ ပြည်သူတွေ သိသင့်သိထိုက်တဲ့ နောက်ဆက်တွဲ သတင်းအချက်လက်တွေ ထုတ်ပြန်တာမျိုး မတွေ့ရသေးဘူးလို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တာ အခုဆို ၂ ပတ်ပြည့်လာပြီဖြစ်ပါတယ်။ လုပ်ကြံမှုအပြီး အချိန်ပိုင်းအတွင်းမှာပဲ သေနတ်သမား ဦးကြည်လင်းကို လေဆိပ်ပိုင်နက်မှာ ဖမ်းမိခဲ့ပြီး၊ အခု ၂ ပတ်ကြာလာတဲ့အချိန်အတွင်း လုပ်ကြံမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဦးအောင်ဝင်းဇော်ကို ဇန်နဝါရီလ ၃၀ ရက် မနက် ၄နာရီကျော် ဘာအံမြို့က သံလွင်တံတားမှာ ဖမ်းမိခဲ့တယ် ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ဖေဖေါ်ဝါရီလ ၃ ရက် သတင်းထုတ်ပြန်ချက်ကလွဲလို့ အခြားသတင်းအချက်အလက်တွေကို အစိုးရပိုင်းကရော ဒီအမှုကို ကိုယ်တွယ်စစ်ဆေးနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကပါ သေချာ ထုတ်ပြန်ပေးတာမျိုး မရှိသေးဘူးလို့ သတင်းသမားတွေဖက်က ဝေဖန်နေတာ ဖြစ်ပါတယ်။ ဒါဟာ သက်ဆိုင်ရာက သတင်းထိန်ချန်ချင်တဲ့ သဘောများလားလို့ သံသယဝင်မိကြောင်း ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းဖေါ်ထုတ် ရေးသားဖို့ကြိုးစားနေတဲ့ Myanmar Now သတင်းဌာန အယ်တီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

“ဒီအခြေအနေတခုလုံးက နိုင်ငံရေးနဲ့ဆက်နွယ်နေတယ်ဆိုတာ အားလုံးလည်းနားလည်ကြတယ်၊ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ ၊ အစိုးရဆိုတာထက် ကျနော်တို့ တိတိကျကျပြောရမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန နဲ့ တပ်မတော်ပေါ့ဗျာ၊ စစ်တပ်ကနေပြီးတော့ ဒီသတင်းအချက်အလက်အပေါ်ကို သူတို့လိုသလို ကစားလို့ရအောင် သတင်းအမှောင်ချထားတာလို့ပဲ ကျနော်တို့ကနားလည်တယ်။ နောက်ပြီးသူတို့ပြောတဲ့ ကွင်းဆက်တရားခံတွေ မလွှတ်မြောက်သွားအောင် မထုတ်ပြန်သေးဘူးဆိုတာကလည်း လုံလောက်တဲ့ အကြောင်းပြချက်လည်းမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ CCTV မှတ်တမ်းမှာရှိတဲ့ မသင်္ကာဖွယ်ရာ ဓါတ်ပုံတွေဆိုတာက ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဖမ်းရတာ၊ ဒါက မြန်မာနိုင်ငံမှာတင်မဟုတ်ဘူး တကမ္ဘာလုံးမှာ ဒီလိုပဲ ဖမ်းကြရတာ၊ ၂၄ နာရီအတွင်းမှာ ထုတ်ပြန်တယ်၊ ပြီးတော့ ဒီလူတွေအားလုံး နယ်စပ်တွေမကျော်သွားအောင် ဆိုပြီးတော့ လုပ်နေကြတာ။ ဆိုတော့ အခု ၂ ပတ်ကြာလာပြီ ဒါနဲ့ပတ်သက်ပြီးတော့မှ ဘာမှ မထုတ်ပြန်ပေးဘူး ၊ နောက်ပြီးတော့ ပထမတရားခံကနေ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို ပြည်သူလူထုကို ဘာမှ တိတိကျကျ မထုတ်ပြန်ပေးဘူးဆိုတာက လုံခြုံရေးအရ လိုအပ်လို့ လျှို့ဝှက်ထားတယ်ဆိုတာထက် သတင်းအမှောင်ချထားတယ်လို့ပဲ ကျနော်တို့က ပြောချင်ပါတယ်ခင်ဗျ။”

သေနတ်သမား ဦးကြည်လင်းရဲ့ထုတ်ဖေါ်ချက်အရ နောက်ဆက်တွဲ ဖမ်းဆီးထားတဲ့ ဦးအောင်ဝင်းဇော်ကို သူနောက်ဆုံးနေထိုင်ရာ ရန်ကုန် သာကေတ ထူပါရုံအရှေ့ ၁၆ လမ်းက နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့နဲ့အတူ ခေါ်ဆောင်လာပြီး အိမ်ကိုဝင်ရှာခဲ့တဲ့ အကြောင်းတွေ ပြည်တွင်း သတင်းဌာနတချို့က ရေးသားခဲ့ကြပေမယ့် သူ့အိမ်ကို ဘာအတွက်ခေါ်လာပြီး ဘာပစ္စည်းတွေ သိမ်းဆည်းသွားတယ်၊ သူ့ရဲ့နောက်ကြောင်း ရာဇဝင်က ဘာတွေဖြစ်တယ် စတာတွေကို အစိုးရက ရှင်းလင်းဖေါ်ပြတာမျိုး ခုထိမရှိသေးပါဘူး။ ဒါတွေဟာ အစိုးရအနေနဲ့ သတင်းကို လိုသလို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာများလားလို့ အတွေးဝင်မိကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“တကယ်တော့ ပြည်ထဲရေးက ဒီကိစ္စကို တိုက်ရိုက်ထုတ်ပြန်ရမှာပါ။ နိုင်ငံတော်သမ္မတရုံးနဲ့ ထုတ်ပြန်တာကတော့ သိပ်တော့မဆီလျော်ဘူးလို့ထင်တယ်။ ဆိုလိုချင်တာက Information ကို Control လုပ်ချင်လို့ လုပ်တဲ့သဘောမျိုးလို့ အဲလိုမျိုး ကောက်ချက်ချစရာဖြစ်နေတယ်။ တကယ်တမ်းကျတော့ ပြည်ထဲရေးက ရဲလုပ်ထုံးလုပ်နည်းလည်း သူတို့နားလည်ပါတယ်။ ဘယ်ဟာပြောလို့ရတယ်၊ မရဘူးဆိုတာ ။ဒီကိစ္စလည်း ပြောလို့ရတဲ့ဟာမျိုးတို့ ပြောဖို့၊ သူတို့ထုတ်ပြန်နိုင်တဲ့ဟာကို ရဲတွေက ထုတ်ပြန်ဖို့ ဒါက အစဉ်အလာဖြစ်စေချင်တယ် ။ ၂ ပတ်ကြာတဲ့အထိ အခြေအမြစ်ခိုင်ခိုင်မာမာမပြောနိုင်သေးတာ မဖော်ထုတ်နိုင်သေးတာကတော့ဖြင့် ခေါင်းဆောင်ရည်ညံ့တာလား ၊ ဒါမှမဟုတ် တခြားသော နိုင်ငံရေးအရ ဆက်နွယ်မှုတို့ကြောင့် ဖုံးဖိထားတာလား ဆိုတာမျိုး သံဿရဖြစ်စရာ ဖြစ်နေပါတယ်။”

ဒီလို ဝေဖန်မှုတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းသိရအောင် သမ္မတရုံးပြောခွင့်ရသူနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူတွေကို VOA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားမှု မရှိပါဘူး။ ဦးကိုနီကို လူမြင်ကွင်းထဲ လုပ်ကြံခဲ့တာဟာ NLD အစိုးရလက်ထက် တိုင်းပြည်ဟာ ငြိမ်သက်မှုမရှိပဲ လုံခြုံရေးကင်းမဲ့နေပြီဆိုတဲ့ အမြင်မျိုးကို လုပ်ကြံသူတွေဘက်က ဖေါ်ဆောင်လိုတဲ့ဆန္ဒ ရှိကြောင်း သုံးသပ်သူ ကတော့ Myanmar Now အယ်တီတာချုပ် ကိုဆွေဝင်းဖြစ်ပါတယ်။

“ဦးကိုနီကို လုပ်ကြံတဲ့အခါမှာ လူမျိုးခြား၊ ဘာသာခြားဆိုတာကို ရွေးချယ်တာလည်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ တိုက်တိုက်တွန်းတွန်း ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တယောက်ကို လုပ်ကြံတယ်။ လုပ်ကြံတဲ့အခါမှာလည်း လူတွေ ထိန့်လန့်တုန်လှုပ်လောက်အောင် အထင်ကရ လေဆိပ်လိုမျိုးမှာ လုပ်ကြံတယ်ဆိုတာ ဒါတွေအားလုံးက ဒီအရပ်သားအစိုးရလက်ထပ်မှာဆိုရင် တိုင်းပြည်က မငြိမ်မသက် ဖြစ်တယ်ဆိုတာမျိုးကို ဖန်တီးချင်တယ်၊ ပြည်သူလူထုတွေအားလုံး လုံခြုံရေးအရ အယုံအကြည်ကင်းမဲ့ သွားတယ်ဆိုတဲ့ အခြေအနေကို ဖန်တီးချင်တဲ့ လူတစု၊ ဒါမှမဟုတ်ရင် လူပုဂ္ဂိုလ်တွေကနေပြီးတော့ ဖန်တီးတယ်လို့ ကျနော်တို့မြင်တယ်ခင်ဗျ။”

မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်သူတွေကို စစ်မေးချက်တွေနဲ့ နောက်ဆက်တွဲ အခြေ အနေတွေကို ထုတ်မပြောနိုင်ရတာဟာ ဒီအမှုတွက် ဆက်စပ်တရားခံတွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် အဟန့်အတား မဖြစ်ရအောင် ဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ သတင်းဌာနတွေကို အစောပိုင်းက ဖြေကြားခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG