သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Guardians of the Galaxy ဇာတ်ကားသစ်


Guardians of the Galaxy တတိယမြောက်ဇာတ်ကားကို ကိုရီးယားမှာမိတ်ဆက်စဉ်က (ဧပြီ ၁၉၊ ၂၀၂၃)
Guardians of the Galaxy တတိယမြောက်ဇာတ်ကားကို ကိုရီးယားမှာမိတ်ဆက်စဉ်က (ဧပြီ ၁၉၊ ၂၀၂၃)

မာဗယ်လူစွမ်းကောင်း ရုပ်ရှင်ကားသစ် “Guardians of the Galaxy” နဂါးငွေ့တန်းကို စောင့်ရှောက်သူများ ၃ ကားမြောက်ရုပ်ရှင် ဥရောပမိတ်ဆက်ပွဲကို ပြင်သစ်နိုင်ငံ ပါရီ ဒစ္စနီကစားကွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပသွားပါတယ်။ နဂါးငွေ့တန်းများအကြား ကူးလူးနေထိုင်ပြီး ကာကွယ်စောင့်ရှောက်နေကြသူများအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကို ဇာတ်ညွှန်းလည်းရေး၊ ဒါရိုက်တာလည်းလုပ်ပြီး ရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိမ်းစ်ဂန်းနဲ့ မင်းသား၊ မင်းသမီး တော်တော်စုံစုံလင်လင် တွေ့ခဲ့ရတာပါ။ မင်းသား ခရစ္စ ပရက်၊ မင်းသမီး ဇိုအီ ဆဲလ်ဒါးနားတို့လည်း ဧပြီလ ၂၂ ရက်နေ့က အထူးပွဲကို လာရောက်သွားခဲ့ပါတယ်။ ဂါးဒီယန်းစ် အော့ဖ်သယ် ဂလက်စီ ပထမဆုံးဇာတ်ကားက ၂၀၁၄ မှာ ထွက်ခဲ့တာကြောင့် အခု တတိယကားထွက်ချိန်မှာ ဆယ်စုနှစ်တခု ရှိပြီဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားတွဲတွေမှာပါဝင်သရုပ်ဆောင်တဲ့ မင်းသား ခရစ္စပရက်က “တကယ့်ကို အရမ်းကောင်းပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါ၊ ဂျိမ်းစ်ကိုရော၊ မာဗယ်ကိုရော ကျေးဇူးတင်ပါတယ်။ တကယ်ထူးခြားတဲ့ ၁၀ နှစ်တာကာလပါ။” လို့ ပြောသွားပါတယ်။

Fast and Furious ဇာတ်ကားတွဲတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Vin Diesel ဗင်ဒီဇယ်လည်း ဒီဇာတ်ကားမှာ သစ်ပင်ကောင်လေး Groot အဖြစ် အသံနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ သူကလည်း ပါရီက ရုပ်ရှင်ကားမိတ်ဆက်ပွဲကို ရောက်လာပြီး သူ့ဇာတ်ရုပ် သစ်ပင်ကြီးနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ အခုရုပ်ရှင်ကားက ဒီကားတွဲရဲ့ နောက်ဆုံးကား ဖြစ်ပြီး သရုပ်ဆောင်တွေအတွက်လည်း ခံစားရစေတာပါ။

ရုပ်ရှင်မိတ်ဆက်ပွဲနဲ့ ချိန်သားကိုက်ပြီး ပါရီဒစ္စနီကစားကွင်းမှာ အဗန်းဂျားစ် လူစွမ်းကောင်းများ ဇာတ်လမ်း အခြေခံ စီးစရာတွေ၊ ပျော်စရာ၊ ရွှင်စရာတွေ စီစဉ်ပေးထားပါတယ်။ Iron Man သံမဏိလူသားအဖြစ် သရုပ်ဆောင်တဲ့ မင်းသား တိုနီစတာ့ခ်ကိုယ်တိုင် စူပါဟီးရိုး လူစွမ်းကောင်းတဦးရဲ့ နည်းနာတွေကို သင်ပြပေးတာပါ။

ဒီဇာတ်ကားကတော့ ပြီးခဲ့တဲ့ဇာတ်ကားမှာ သူတို့ထဲကတဦး သေဆုံးသွားရလို့ အားလုံးကို ရိုက်ခတ်မှုရှိတဲ့ အနေအထားကနေ အခုဇာတ်ကားမှာ လူစွမ်းကောင်းတသိုက် စကြဝဠာကြီးကိုလည်း ကာကွယ် သူတို့လူတဦးကိုလည်း ကာကွယ်၊ ဒီမှာမှ ရှုံးနိမ့်ရင်တော့ သူတို့ Guardian တွေ နိဂုံးချုပ်မယ့်ကိန်း ဖြစ်ပါတယ်။

Guardians of the Galaxy အမှတ် ၃ ရုပ်ရှင်ကားကို နိုင်ငံတကာမှာ မေလ ၃ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ အိုင်ယာလန်တို့မှာ မေလ ၅ ရက်နေ့ စတင် ရုံတင်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG