သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃၁ ဦး ရှိ


သတင်းဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်
သတင်းဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ H1N1 ရောဂါကြောင့် သေဆုံးသူ အယောက် ၃၁ ယောက် ရှိပြီလို့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်းမာရေးဌာန ဘက်ကနေ ကုသမှုပိုင်းကို တိုးမြင့်လုပ်ဆောင်ဖို့ ပြင်ဆင်ထားသလို ကာကွယ်ဆေးတွေ ထိုးပေးနိုင်ဖို့ကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို မြန်မာ သတင်းပညာသိပ္ပံကျောင်းက အလုပ်သင် သတင်းထောက် အဉ္ဖလီသင်းက ပေးပို့ထား ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနှစ်နှစ်စကနေ ဇူလိုင်လ ၉ ရက်နေ့အထိ H1N1 ရောဂါပိုးကြောင့် သေဆုံးသူ အယောက် ၃၀ ကျော်ရှိပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သေဆုံးသူတွေနဲ့ ပတ်သတ်ပြီးတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြန်ကြားရေးတာဝန်ခံ ပါမောက္ခ ဒေါက်တာ ခင်ခင်ကြီးက အခုလိုပြောပြပါတယ်။

"၃၁ ယောက်ဆိုတော့ လူတွေကလေ ဟာ ၃၁ ယောက်တောင် ဖြစ်နေပြီလား၊ ဆိုပြီးတော့ အဲ့လို ထင်တတ်ကြတယ်။ တကယ့်တကယ်က H1N1 ရောဂါကြောင့် သေတဲ့ သူက ငါး ယောက်ပဲ ရှိတယ်နော်။ အဓိကကတော့ ကျမတို့က ရောဂါကြောင့် သေတယ်ပေါ့နှော်။ သူတို့ရဲ့ ရောဂါအခံကြောင့်ပေါ့နှော်။ နှလုံးရောဂါ၊ ဆီးချို၊ သွေးချို၊ သွေးတိုး အဲ့လိုပေါ့။ ကျောက်ကပ်ရောဂါတွေ ရှိမယ် ပြီးလို့ရှိရင် နာတာရှည်ရောဂါတွေ ရှိမယ်။ အဲ့လိုရောဂါရှိတဲ့ သူတွေမှာလည်း H1N1 ရောဂါပိုး စမ်းကြည့်လိုက်တယ်။ တွေ့တယ်။ ပြီးရင် သူတို့တွေ သေသွားတယ်ပေါ့နှော်။ ဒါကြောင့် သူတို့ကို H1N1 ကြောင့် သေတယ်လို့ ပြောလို့မရပါဘူး။ H1N1 ရောဂါကြောင့် သေဆုံးတယ်ဆိုတာ လူနာမှာ ရောဂါအခံမရှိပဲ အသက်ရှုလမ်း ကြောင်းကနေ တစ်ဆင့် ရောဂါပိုးကူးစက်ပြီး သေဆုံးတာမျိုး ဖြစ်တယ်လို့ သူမကပြောပါတယ်။"

လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံး အနေနဲ့ သံသယလူနာ ၅၀၂ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၁၈၀ ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ ရန်ကုန်တိုင်းဒေသကြီးမှာ အများဆုံးတွေ့ရှိရတာ ဖြစ်ပြီး ကူးစက်ခံရသူ အယောက် ၂၀၀ နီးပါး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူများဟာ အသက်ငယ်လွန်းသူများ၊ ကြီးလွန်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းရောဂါ စတဲ့နာတာ ရှည်ရောဂါအခံ ရှိသူများ ဖြစ် တာမို့ နာတာရှည် ရောဂါအခံ ရှိသူများ၊ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများ အထူးဂရုပြုနေထိုင်ဖို့ ဆရာဝန်ကြီးများက ပြောဆိုထားပါတယ်။

ဒီရောဂါပိုးကူးခံရရင် ရောဂါပိုးကူးစက်ခံရသည့်အချိန်က စတင်ပြီး တ ရက်မှ လေး ရက် အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ကာ အပူချိန် ၁၀၀ ဒီကရီဖာရင်ဟိုက် ထက် မြင့်တက်တာ၊ နှာရည်ယိုတာ၊ နှာချေတာ၊ ချောင်းခြောက်ဆိုးတာ၊ လည် ချောင်းနာတာ၊ ကိုယ်လက်ကိုက် ခဲတာ၊ ခေါင်းကိုက်တာ၊ နုံးခွေ တာတို့ ဖြစ်တတ်ပါတယ်။ ဒီထက်ပြင်း ထန်လာရင် အဖျားကြီးလွန်းတာ၊ ချောင်းအလွန်ဆိုးတာ၊ မောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူ ခက်ခဲတာ၊ အသက်ရှူနှုန်းမြန် ဆန်ပြီး၊ ဂနာမငြိမ်ဖြစ်တာ၊ သတိလစ်တာများ ဖြစ်ပေါ်တတ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ထားပါတယ်။

ရောဂါကူးစက်မှုလွယ်ကူနိုင်တဲ့ သူတွေကို ကာကွယ်ဆေးတွေ ထိုးပေးဖို့ နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကိုဒီထက်ပိုမိုပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေါ်ခင်ခင်ကြီးက ပြောပါတယ်။

“ဖျားနာရောဂါရှိ၊ မရှိကို စုံစမ်းထောက်လှမ်းတယ်။ ဒီတုပ်ကွေး လက္ခဏာရှိ၊ မရှိဆိုတာရှာ တယ်။ ရှိရင်ထိထိရောက်ရောက် ကုသမှုပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ready ပေးနိုင်အောင်ပေါ့။ ကာကွယ်ဆေး ပထမသုတ်လည်း ရောက်ပြီ။ ဒုတိယသုတ်လဲ ရပြီ။ ဒီရာသီမှာဒီလိုဖြစ်မှ ကာကွယ်ဆေးလှမ်းမှာတာ မဟုတ်ဘဲ။ စီစဉ်ထားတာ ရှိပြီးသားပါ။”

အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်လေ့ရှိတာကြောင့် သတိထားနေထိုင်ဖို့ အပြင် နေထိုင်မကောင်း ဖြစ်နေရင် လူအများရှိတဲ့နေရာကို မသွားလာဘဲ အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှုလမ်းကြောင်းကနေ တဆင့်ကူးတဲ့ ဒီရောဂါမျိုးအတွက် ချောင်းဆိုး နှာချေရင် ရောဂါပိုး မပြန့်ပွားအောင် ပါးစပ်၊ နှာခေါင်းတွေကို အုပ်ပေးဖို့ လက်ကို မကြာမကြာ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။

လက်ရှိအားဖြင့်တေ့ာ ကျန်းမာရေးဝန်ကြီးဌာန တနိုင်ငံလုံးအတိုင်းအတာနဲ H1N1 တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လူလူချင်း ကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် နယ်စပ်အဝင်အထွက်တွေ ၊ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လည်း ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဒီတုပ်ကွေးရောဂါကြောင့် သေဆုံးသူမရှိခဲ့ပေမယ့် ၂၀၁၇ ခုနစ်တုန်းကတော့ သေဆုံးသူ အယောက် ၄၀ နီးပါးရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG