စနေနေ့ နေ့လည်မှာ ဓားစာခံတွေကို ဟားမတ်စ်အဖွဲ့က ပြန်မလွှတ်ရင် ဂါဇာကို ပြန်တိုက်မယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
ဓားစာခံတွေ ပြန်မလွှတ်ရင် အပစ်ရပ်စာချုပ်ကို ဖျက်လိုက်ဖို့ အမေရိကန်သမ္မတ ထရမ့်ကတော့ တနင်္လာနေ့တုန်းက ပြောခဲ့ပါတယ်။
ခြိမ်းခြောက် ပြောဆိုနေတာတွေက ဘာတန်ဖိုးမှမရှိဘဲ ပြဿနာတွေကို ပိုရှုပ်ထွေးစေပါတယ်လို့ အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့က အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဟာမတ်စ်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ Sami Abu Zuhri က သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။
ဓားစာခံလွှတ်ဖို့ ရွှေ့ဆိုင်းတာဟာ အပစ်ရပ် သဘောတူညီချက်ကို ဟာမတ်စ်က လုံးဝဥဿုံ ချိုးဖောက်တာဖြစ်တယ်လို့ အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး Israel Katz က ပြောလိုက်ပြီး အစ္စရေးလ် စစ်တပ်ကို အမြင့်ဆုံး တပ်လှန့်ထားလိုက်ပါတယ်။
နေရာအတော်များများမှာ ပါလက်စတိုင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက် ပစ်ခတ်ခဲ့တယ်လို့ ဟာမတ်စ်က စွပ်စွဲပါတယ်။ သဘောတူထားတဲ့အတိုင်း လူသားချင်း စာနာထောက်ထားရေးအကူတွေ ဝင်နိုင်အောင် လွယ်ကူချောမွေ့အောင် လုပ်ပေးဖို့ အစ္စရေးလ်က ပျက်ကွက်ခဲ့တယ်လို့ ဟာမတ်စ်အဖွဲ့က ဆိုပါတယ်။
လာမယ့် စနေနေ့မှာ စီစဥ်ထားတဲ့အတိုင်း ဓားစာခံတွေလွှတ်ပေးဖို့ ဟာမတ်စ်အဖွဲ့ကို မေတ္တာရပ်ခံကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူသရက်စ်က ပါရီကနေ ပြောပါတယ်။
ပြီးခဲ့တဲ့လ အပစ်ရပ် သဘောတူခဲ့ကတည်းက ဟာမတ်စ်အဖွဲ့က ဓားစာခံ ၂၁ ယောက် လွှတ်ပေးခဲ့ပြီး အစ္စရေးလ်ကဖမ်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသား ၇၃၀ ကျော် လွှတ်ပေးခဲ့ပါတယ်။
Forum